
အင်္ဂလန် အရှေ့မြောက်ပိုင်းကမ်းလွန်မှာ မတ် ၁၀ ရက်က အမေရိကန်စစ်တပ်အတွက် ဂျက်လေယာဉ်ဆီ တင်ဆောင်လာတဲ့ ဆီတင်သင်္ဘောကြီးတစင်းကို ကုန်သေတ္တာသယ် သင်္ဘောကြီးက ဝင်တိုက်ခဲ့ပါတယ်။
ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပြီး သင်္ဘော ၂ စင်းစလုံးက အမှုထမ်းတွေပါ သင်္ဘောကို စွန့်ခွာခဲ့ရပါတယ်။
ဂျက်လေယာဉ်ဆီ တန်ချိန် သောင်းချီ သယ်နိုင်တဲ့ ဆီတင်သင်္ဘောကြီး ကျောက်ချထားချိန်မှာ ပိုသေးတဲ့ ကုန်သေတ္တာသယ်သင်္ဘောက ဝင်တိုက်ခဲ့တာဖြစ်ပြီး ဆီကန်ပေါက်သွားတဲ့အတွက် ပင်လယ်ထဲကိုပါ ဆီယိုဖိတ်ခဲ့တယ်လို့ သင်္ဘောကို လုပ်ကိုင်နေတဲ့ ကုမ္ပဏီက ထုတ်ပြန်ပါတယ်။ သင်္ဘောပိုင်ရှင်ကုမ္ပဏီ Stena Bulk ကလည်း အလားတူ ထုတ်ပြန်ပါတယ်။
ဒီကိစ္စဟာ ကြိုတင်ကြံရွယ်ချက်နဲ့ လုပ်တာ ဒါမှမဟုတ် တခြားပတ်သက်မှုတွေ ရှိနေတာမျိုးတော့ မတွေ့ရဘူးလို့ ရေကြောင်းလုံခြုံရေး သတင်းရင်းမြစ် ၂ ယောက်က ရိုက်တာကို ပြောပါတယ်။
ရေယာဉ်အမှုထမ်း ၃၆ ယောက်ကို ဘေးကင်းစွာနဲ့ ကမ်းပေါ် ခေါ်ဆောင်နိုင်ခဲ့တယ်လို့ ဗြိတိန်ကမ်းခြေစောင့်တပ်ဖွဲ့က ထုတ်ပြန်ပြီး တယောက် ဆေးရုံတင်ထားရတယ်လို့ အတည်ပြုပါတယ်။
ပေါ်တူဂီအလံလွှင့်ထားတဲ့ ကုန်သေတ္တာတင်သင်္ဘော Solong က အမှုထမ်းတယောက်ကတော့ ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
Stena Immaculate ဆီတင်သင်္ဘောကို အမေရိကန် ပို့ဆောင်ရေးလုပ်ငန်းစု Crowley က လုပ်ကိုင်နေတာဖြစ်ပြီး Jet A-1 လေယာဉ်ဆီတွေ တင်ပြီးတော့ ဟားလ်မြို့အနီးမှာ ကျောက်ချထားချိန် အတိုက်ခံရတာဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။
ဒီဆီတင်သင်္ဘောဟာ အမေရိကန်အစိုးရ စီမံကိန်းမှာ ပါဝင်ပြီး စစ်တပ်ကို ဆီထောက်ရတဲ့ သင်္ဘောလို့ သိရပါတယ်။
အမေရိကန်စစ်ဘက်ပြောခွင့်ရပုဂ္ဂိုလ်ကလည်း အမေရိကန်ရေတပ်၊ ရေကြောင်းပို့ဆောင်ရေး ဌာနချုပ်အတွက် ကာလတို စင်းလုံးငှားထားတာဖြစ်တယ်လို့ အတည်ပြုပါတယ်။
ကုန်သေတ္တာသယ်သင်္ဘော Solong ကတော့ ရွှေတူးတဲ့နေရာမှာ အဓိကသုံးတဲ့ အဆိပ်ရှိတဲ့ ဓာတုပစ္စည်းဖြစ်တဲ့ ဆိုဒီယမ်ဆိုင်ယာနိုက်ဒ် ကုန်သေတ္တာ ၁၅ လုံး သယ်ဆောင်လာတာဖြစ်တယ်လို့ သိရပါတယ်။
Source : Reuters