
တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီဘက်က ဘန်းလမွတ်ကျေးရွာဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ပြီး စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ် ၇ ရက်မှာ ဘန်းလမွတ်ကျေးရွာကို စစ်ကောင်စီဘက်က စစ်ကြောင်းထိုးနေပြီး စစ်ကြောင်းမထိုးခင် မတ် ၆ ရက်မှာ ဒရုန်းအပါအဝင် လက်နက်ကြီးနဲ့ ဘန်းလမွတ်ကျေးရွာဘက်ကို ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတဦးက “စစ်ကြောင်းထိုးတာက ၃၀၆ အမြောက်တပ်ရင်းကပါ။ အင်အားတော့ အတိအကျ မသိရဘူး။ စစ်ကောင်စီဘက်က တဖွဲ့ပြီးတဖွဲ့ တက်နေတယ်”လို့ ပြောပါတယ်။
မတ် ၉ ရက် နဲ့ ၁၀ ရက်မှာ စစ်ကောင်စီရဲ့ မော်တုန်းရွာအခြေစိုက် ၃၀၆ အမြောက်တပ်ရင်းကနေ ဘန်းလမွတ်ကျေးရွာဘက်ကို လက်နက်ကြီးနဲ့ ၁၀ ကြိမ်ကျော် ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတဦးက “လက်နက်ကြီး ပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးသူတော့ မရှိဘူး။ ဒီကနေ့ လက်နက်ကြီးပစ်ရာမှာ အချိန် ၈၀ လောက်ရှိတဲ့ နွားတကောင်တော့ သေသွားတယ်”လို့ ပြောပါတယ်။
အခုလက်ရှိအချိန်မှာတော့ တနင်္သာရီမြို့နယ်အတွင်းရှိ မော်တုန်းရွာနဲ့ ဘန်းလမွတ်ကျေးရွာ အပါအဝင် အနီးနားရှိ ကျေးရွာတွေမှ ဒေသခံ ၃၀၀ လောက် စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။