
အခုရက်ပိုင်း မိုးဆက်တိုက်ရွာသွန်းတာနဲ့ ချင်းတောင်တန်းက တောင်ကျရေကြောင့် ရေကြီးရေလျှံနေတဲ့ ကလေးမြို့မှာ လူဦးရေ ၁,၀၀၀ ကျော်လောက် ယာယီကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရေဘေးသင့်ဒေသခံတွေကို မြို့ပေါ်က စာသင်ကျောင်းတွေမှာ ယာယီကယ်ဆယ်ရေးစခန်းတွေ ဖွင့်လှစ်ပြီး အရေးပေါ် ရွှေ့ပြောင်းပေးထားတယ်လို့ မြို့ခံတွေက ဆိုပါတယ်။
မြို့ခံတယောက်က “အမှတ် ၃ အထကကျောင်းမှာ လူဦးရေ ၈၁၃ ယောက်၊ အမှတ် ၁၅ အမကကျောင်းမှာက လူဦးရေ ၂၂၉ ယောက် ယာယီရေဘေးရှောင်စခန်းကို စုစုပေါင်း ၁,၀၀၀ ကျော်လောက် ရောက်လာပါတယ်” လို့ ပြောပါတယ်။
လူ ၁,၀၀၀ ကျော်ဆိုတာ ယာယီရေဘေးရှောင်စခန်းကို ရောက်လာနိုင်တဲ့ စာရင်းသာဖြစ်ပြီး စခန်းတွေဆီ မရောက်လာဘဲ နီးစပ်ရာမြို့တွေဆီ သွားခိုလှုံနေတဲ့သူတွေလည်း ရှိတယ်လို့ ဒေသခံက ဆက်ရှင်းပြပါတယ်။
မိုးသည်းထန်စွာ ရွာသွန်းခဲ့တာနဲ့ ချင်းတောင်တန်းတွေဘက်က စီးဆင်းလာတဲ့ တောင်ကျရေတွေကြောင့် ဥပုသ်ချောင်းရေ လျှံတက်ပြီး ကလေးမြို့ပေါ်က မြေနိမ့်ပိုင်း ရပ်ကွက်တွေထဲ ရေဝင် နစ်မြုပ်ခဲ့တာပါ။
ကလေးမြို့ ဗိုလ်ချုပ်လမ်းမကြီး အပါအဝင် ညောင်ပင်သာ၊ မင်္ဂလာဥယျာဉ်၊ မြို့သာ၊ ပင်လုံ၊ အောင်ဇေယျ၊ တောင်ဖီလာ၊ နေပြည်တော်၊ ကြိုးသုံးပင်နဲ့ သဇင်ရပ်ကွက်တွေထဲ ရေဝင်ခဲ့သလို ရန်အောင်မြင်တံတား၊ ပင်လုံ ဆိပ်ကမ်းသာတံတားနဲ့ ဒေါက်တာတင်အောင်ဆွေ တံတားတွေအထိပါ ရေကျော်ခဲ့တာ ဖြစ်ပါတယ်။
စက်တင်ဘာ ၃ ရက် ညနေပိုင်းကစပြီး ချင်းတောင်ကျရေတွေ စီးဆင်းမှု လျော့ကျလာတာကြောင့် လက်ရှိ ကလေးမြို့တွင်း ရေဝင်ရောက်ခဲ့တဲ့ ရပ်ကွက်တွေမှာ ရေ ၂ ပေကနေ ၃ ပေနီးပါးအထိ ပြန်လည်ကျဆင်းသွားပြီလို့ ဒေသခံတွေက ဆက်ပြောပြပါတယ်။
ဒါပေမဲ့ မိုးကတော့ မစဲသေးဘဲ တဖွဲဖွဲ ဆက်လက်ရွာသွန်းနေဆဲ ဖြစ်တာကြောင့် ချောင်းကမ်းပါးနဲ့ မြေနိမ့်ပိုင်းနေသူတွေအနေနဲ့ တောင်ကျရေကို သတိပြုနေရဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရေဘေးကူညီနေသူတယောက်က “ရေက မနေ့ညနေထဲက ပြန်ကျတယ်။ ၂ ပေ၊ ၃ ပေလောက်။ မိုးကတော့ တဖွဲဖွဲ ရွာနေတုန်းပဲ။ တောင်ကျရေဆိုတော့ နေသာရင် ချက်ချင်း ပြန်ကျပါတယ်” လို့ ပြောပါတယ်။
ကလေးမြို့နယ် တောင်ပိုင်းမှာတော့ ဇင်းကလင်းတံတား အောက်ခြေ ရေတိုက်စားပြီး မြေပြိုကျတာတွေ ရှိနေတာကြောင့် ကလေးတောင်ပိုင်း လမ်းကြောင်းသွားလာမှုကို အခုထိ ယာယီပိတ်ထားရဆဲ ဖြစ်ပါတယ်။
၂၀၂၃ ခုနှစ် စက်တင်ဘာလတုန်းကလည်း ကလေးမြို့မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့ရဲ့ အနိမ့်ပိုင်းရပ်ကွက်တွေက ဒေသခံ သောင်းနဲ့ချီပြီး ရေဘေးလွတ်ရာကို ပြောင်းရွှေ့ခဲ့ရဖူးပါတယ်။
မောရစ်











