DVB Logo
Home
မြန်မာသတင်း
နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်အနီး ကျေးရွာများကို AA သိမ်းပိုက် 
DVB
·
March 10, 2025
နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်အနီး ကျေးရွာများကို AA သိမ်းပိုက် 
Donate to DVB

ရခိုင်နဲ့ မကွေးအစပ် ငဖဲမြို့နယ်ထဲက နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ် မကျစေရေး တပ်ကူတွေ ထပ်ပို့နေပေမဲ့ အနီးနားက လင်းဒဲရွာကို အာရက္ခတပ်တော် (AA) က  သိမ်းပိုက်ထားပြီး တိုက်ပွဲဆက်ဖြစ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို သိမ်းပိုက်ပြီးတဲ့နောက် ရခိုင်ပြည်နယ်ဘက်ကို တန်ပြန်ထိုးစစ်ဆင်နိုင်ပြီး စစ်ရေးအရ အရေးပါတဲ့ အမ်း-ပဒါန်းလမ်းပိုင်းကိုပါ ထိန်းချုပ်နိုင်ဖို့ AA က ကြိုးစားလာပါတယ်။

ဖေဖော်ဝါရီလထဲမှာ အမ်း-ပဒါန်းလမ်းပေါ်မှာရှိတဲ့ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်ကို ချဉ်းကပ်လာခဲ့ပြီး မတ် ၁၀ ရက်အထိ မသိမ်းပိုက်နိုင်သေးဘဲ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။

ဒါပေမဲ့ စစ်ကောင်စီဘက်က တပ်ကူတွေပို့နေရသလို အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတပ်တွေက အနီးနားက ရွာတချို့ကို ထိန်းချုပ်ထားပြီလို့ ဒေသခံက ပြောပြပါတယ်။

“ဟိုဘက်ကတော့ စစ်ကူပို့နေတယ်။ ဒီဘက်လမ်းကို သိပ်မသုံးတော့ဘူး၊ အမ်း-မင်းဘူးလမ်းကိုလေ။ အရင်တုန်းက လမ်းဟောင်း၊ နတ်ရေကန်ရှောင်ကွင်းလမ်းပေါ့၊ လမ်းဟောင်းပဲ အဲဘက်ကနေပဲ သွားတာ။ သူတို့(စစ်တပ်)က စွန်တက်ရွာနားအထိပဲ။ လင်းဒဲကတော့ AA က သိမ်းပြီးသွားပြီ။ လမ်းဒဲရွာအပေါ်နားထိလေ။ စွန်တက်နားမှာ အဲနားမှာ သူတို့ (စစ်တပ်)။ အဲကနေ ဆက်မတိုက်ဘူး။ နတ်ရေကန်ဘက်ကိုပဲ တိုက်တယ်ထင်တယ်။”

AA က သိမ်းပိုက်ထားပြီဆိုတဲ့ လင်းဒဲရွာဟာ နတ်ရေကန်စခန်းရဲ့ တောင်ဘက်မှာရှိပြီး ၂၀၁၄ သန်းခေါင်စာရင်းအရတော့ လူဦးရေ ၁,၅၀၀ ကျော် နေထိုင်ခဲ့ကြပါတယ်။

ဒါ့အပြင် အဲဒီရွာကို ဒရုန်းနဲ့ ဒရော့ဗုံး ၂ ကြိမ် အကြဲခံရလို့ ဒေသခံ ၃ ယောက် သေဆုံးခဲ့ပြီး ရွာခံတွေကတော့ နီးစပ်ရာ ယာခင်းတွေမှာ တိမ်းရှောင်နေရပါတယ်။

တိုက်ပွဲဖြစ်ပွားမှုအခြေအနေကို DVB က အသေးစိတ် အတည်မပြုနိုင်ပေမဲ့ နတ်ရေကန်စခန်းဟာ ပဒါန်းတပ်နယ်အတွက် အရေးကြီးပြီး စစ်ကောင်စီတပ်က အခိုင်အမာ ခံစစ်ပြင်ထားတဲ့အကြောင်း စစ်ရေးလေ့လာသူ CDM ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။

“ခံစစ်ဆင်နေတဲ့ အင်အားကလည်း အနည်းဆုံး ၃၀၀ နဲ့ ၄၀၀ ကြားမှာရှိပြီးတော့၊ ၄၀၀ တောင်ကျော်ရင် ကျော်နိုင်ပါသေးတယ်။ ပြီးတော့ ပစ်ကူပေးမယ့် အမတ ၄၀၉ ရယ်၊ မစခ ၉၀၅ ရယ် ဒါတွေရှိနေတယ်ပေါ့နော်။ ပြီးရင် အမ်း-ပဒါန်းလမ်းကို မထိန်းချုပ်နိုင်တဲ့အတွက် သူတို့ရဲ့ စစ်ကူအင်အားတွေက တောက်လျှောက်တက်လာနိုင်တာပေါ့နော်။ ဒါကြောင့် အချိန်ကြာနေတဲ့ သဘောမျိုးလို့ပဲ  တွေ့ရပါတယ်ဗျ။”

တကယ်လို့ ပူးပေါင်းတပ်တွေကသာ နတ်ရေကန်ကို သိမ်းပိုက်နိုင်ရင် ကပစ ၁၄၊ မစခ ၉၀၅ နဲ့ အမတ ၄၀၉ တို့ကို လက်နက်ကြီးနဲ့ လက်လှမ်းမီသွားမှာဖြစ်ပြီး ပုသိမ်-မုံရွာလမ်းဆုံအထိ နယ်မြေစိုးမိုး လာနိုင်တဲ့အကြောင်းလည်း CDM ဗိုလ်ကြီးဇင်ယော်က ဆက်ပြောပါတယ်။

ဒီတိုက်ပွဲနဲ့ပတ်သက်လို့ AA ပြောခွင့်ရသူ ဦးခိုင်သုခ အပါအဝင် ပူးပေါင်းတပ်တွေက တာဝန်ရှိသူတချို့ဆီ DVB က ဆက်သွယ်ခဲ့ပေမဲ့ ပြန်ဖြေကြားတာ မရှိသေးပါဘူး။

AA နဲ့ စစ်ကောင်စီတို့ မတ်လထဲ တရုတ်နိုင်ငံမှာ ဆွေးနွေးဖို့ရှိနေတယ်လို့ သတင်းတွေ ထွက်နေတဲ့ကြားကပဲ ရခိုင် အပါအဝင် နယ်နိမိတ်ချင်း ထိစပ်နေတဲ့ မကွေး၊ ပဲခူး၊ ဧရာဝတီအစပ်က ရိုးလမ်းတွေပေါ်  တိုက်ပွဲဆက်ဖြစ်နေပါတယ်။

စိုးသူအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013