
ယူကရိန်းနိုင်ငံအတွက် စစ်ရေးအကူအညီနဲ့ ထောက်လှမ်းရေး သတင်းအချက်အလက် မျှဝေမှုကို အမေရိကန်က ဆိုင်းငံ့ထားပြီးနောက် ဒါဇင်နဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ ယူကရိန်းမြို့တော် ကိယက်ဗ်က အမေရိကန်သံရုံး အပြင်ဘက်မှာ မတ် ၈ ရက်က စုဝေးခဲ့ကြပါတယ်။
ဆန္ဒပြသူ အများအပြားက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ အုပ်ချုပ်ရေး အကြီးတန်း အဖွဲ့ဝင်တွေ၊ ရုရှားသမ္မတ ဗလာဒီမာ ပူတင် တို့ကို ဖဲချပ်တွေနဲ့ သရုပ်ဖော်ထားတဲ့ စာတန်းတွေကို ခင်းကျင်းပြသခဲ့ကြပါတယ်။
ဒါဟာ ဖေဖော်ဝါရီ ၂၈ ရက်က အိမ်ဖြူတော်မှာ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးနဲ့ ကတောက်ကဆ ဖြစ်ခဲ့တဲ့ ဆွေးနွေးပွဲအတွင်း ထရမ့်ပ်က ပြောခဲ့တဲ့ မှတ်ချက်တွေကို ရည်ညွှန်းပြီး ဖော်ပြထားတာပါ။
အိမ်နီးချင်း ရုရှားနဲ့ ယူကရိန်းတို့ရဲ့ ပဋိပက္ခဟာ ဖဲကစားပွဲ မဟုတ်ဘူးဆိုတာ အမေရိကန်အစိုးရက နားလည်ရမယ်လို့ အသက် ၄၄ နှစ်အရွယ် ဆိုရှယ်မီဒီယာ စျေးကွက်ရှာဖွေရေး မန်နေဂျာ အုတ်ခ်ဇားနား ကေမက်က ပြောပါတယ်။
ရုရှားဟာ ပဋိပက္ခမှာ ရန်လိုသူဖြစ်ပြီး ယူကရိန်းနောက်ကနေ အမေရိကန်က ထောက်ခံမှုကို ထရမ့်ပ်က ထပ်ပေးစေချင်နေတယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။
ဇန်န၀ါရီလမှာ အာဏာရလာကတည်းက ထရမ့်ပ်က ဇလန်းစကီးဟာ ရုရှားနဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်ရဖို့ အလေးအနက်မထားဘူးလို့ စွပ်စွဲခဲ့ပါတယ်။
ရုရှားဟာ လွန်ခဲ့တဲ့ ၃ နှစ်က ယူကရိန်းကို ကျူးကျော်ဝင်ရောက်ခဲ့ပြီး ယူကရိန်းနယ်မြေ ၂၀ ရာခိုင်နှုန်းလောက်ကို သိမ်းပိုက်ခဲ့ပါတယ်။
အိမ်ဖြူတော်ရဲ့ ဘဲဥပုံရုံးမှာ ထရမ့်ပ်နဲ့ ဒုတိယသမ္မတ ဂျေဒီ ဗန့်စ်တို့ဟာ ဇလန်းစကီးကို ထိုးနှက်ပြောဆိုအပြီး စစ်ရေးထောက်ပံ့မှုကို ဆိုင်းငံ့ဖို့ အမေရိကန်က ကြေညာခဲ့ပါတယ်။
Source : Reuters