DVB Logo
Home
မြန်မာသတင်း
မြိတ်မြို့တွင် စစ်မှုထမ်းစုဆောင်းခံရပြီး ထွက်ပြေးလာသူများထဲမှ ၆ ဦး ပြန်အဖမ်းခံရ
DVB
·
March 10, 2025
မြိတ်မြို့တွင် စစ်မှုထမ်းစုဆောင်းခံရပြီး ထွက်ပြေးလာသူများထဲမှ ၆ ဦး ပြန်အဖမ်းခံရ
Donate to DVB

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရပြီးနောက် ထွက်ပြေးလာတဲ့ အမျိုးသား ၁၆ ယောက်ထဲက ၆ ယောက် ပြန်လည်ဖမ်းဆီးခံလိုက်ရတယ်လို့ လွတ်မြောက်လာသူတွေဆီက သိရပါတယ်။

အဲဒီအမျိုးသား ၁၆ ယောက်ဟာ မြိတ်မြို့၊ တိုက်/စည်း(ရွှေဒူး)တပ်ရင်းရှိ ပညာရေးကျောင်းတခုမှာ ထိန်းသိမ်းခံထားရပြီး ပလောက်မြို့က လေ့ကျင့်ရေးသင်တန်းကျောင်း မပို့ဆောင်မီ အခုနှစ် ဖေဖော်ဝါရီ ၃ ရက် မနက် ၂ နာရီလောက်မှာ ထွက်ပြေးလာကြတာပါ။

ထွက်ပြေးလာပြီးနောက် တိမ်းရှောင်နေကြစဉ် ၆ ယောက်ကတော့ စစ်ကောင်စီတပ်ရဲ့ ပြန်လည်ဖမ်းဆီးတာ ခံလိုက်တယ်လို့သိရပြီး ၁၀ ယောက်ကတော့ လွတ်မြောက်နေဆဲလို့ မြိတ်ပကဖအဖွဲ့ထံ ဆက်သွယ်ခိုလှုံခဲ့တဲ့ လွတ်မြောက်လာသူတယောက်က ပြောပါတယ်။

“ကျနော်တို့ ထွက်ပြေးလာတုန်းက ၁၆ ယောက် ထွက်ပြေးလာတာပါ။ ၆ ယောက်တော့ ပြန်မိတယ်။ ထွက်ပြေးပြီး ၁ ရက် ၂ ရက်အတွင်းမှာ ပြန်မိတဲ့သူတွေရှိပါတယ်။ ၄ ယောက် အရင်ဖမ်းမိတယ်။ ၂ ယောက်ကျတော့ တပတ်လောက်အကြာမှာ အသွားအလာမဆင်ခြင်လို့ ပြန်မိတယ်။”

လွတ်မြောက်နေဆဲ ၁၀ ယောက်ထဲက အသက် ၃၀ အရွယ်ရှိတဲ့ ကိုသက်နိုင်ထွေးနဲ့ ကိုနိုင်ဝင်းထွန်း တို့ ၂ ယောက်ဟာ မြိတ်ပကဖတပ်ဖွဲ့ထံ ဆက်သွယ်ပြီး မတ် ၆ ရက်မှာ ဝင်ရောက်ခိုလှုံလာခဲ့ပါတယ်။

သူတို့ ၂ ယောက်ဟာ ထိုင်းနိုင်ငံမှာ ပြစ်ဒဏ်ကျပြီးနောက် အခုနှစ် ဇန်နဝါရီ ၂၂ ရက်မှာ နေရပ်ပြန်ပို့ခံရကာ စစ်မှုထမ်းစုဆောင်းခံလိုက်ရပြီး ခလရ ၄၃၁ တပ်ရင်းမှာ တပတ်လောက် နေထိုင်ခဲ့ရကာ ဇန်နဝါရီ ၂၉ ရက်မှာ သူတို့ ၂ ယောက် အပါအဝင် အမျိုးသား ၄၆ ယောက်ကို မြိတ်မြို့ကို စက်လှေနဲ့ ပို့ဆောင်ခံလိုက်ရတယ်လို့ ပြောပါတယ်။

လွတ်မြောက်လာသူတယောက်က “သိရသလောက်က သင်တန်း ၃ လပေးပြီး ရှေ့တန်းလွှတ်ပေးမယ်၊ သင်တန်း ၃ လ အနေအထားနဲ့ ကျနော်တို့ ဘာမှလုပ်မရဘူး။ အခုလည်း သေရမယ်၊ နောက်လည်း သေရမှာပဲ။ စစ်တပ်နဲ့ကနေ ပြန်ကြားရတာ အပတ်စဉ် ၅ အထိ တက်ထားတဲ့သူတွေဆို မရှိတော့ဘူးတဲ့၊ ဒါဆို ကျနော်တို့လည်း သွားရင် သေမှာပဲ” လို့ ပြောပါတယ်။

မြိတ်မြို့ ‌ရွှေဒူးပညာရေးကျောင်းမှာ စစ်မှုထမ်းခိုင်းဖို့ စုဆောင်းခံရသူတွေက ပြည်တော်ပြန် ၄၆ ယောက်အပြင် မြို့ပေါ်ဒေသတွေက အတင်းအဓမ္မ စုဆောင်းခံရသူတွေနဲ့ စစ်မှုထမ်း ရွေးချယ်ခံရသူပေါင်း ၁၀၀ လောက်အထိ ရှိတယ်လို့ လွတ်မြောက်လာတဲ့ အမျိုးသားတယောက်က ပြောပါတယ်။

နေရပ်ပြန်ပို့ခံရတဲ့သူတွေဟာ အရင်လို ငွေပေးပြီး စစ်ကောင်စီတပ်ရင်းကနေ ထုတ်လို့မရတော့ဘဲ အသက်ကြီးသူတွေနဲ့ မွေးရာပါရောဂါရှိသူတွေကလွဲရင် ကျန်တဲ့ အမျိုးသားတွေကို အကုန်ဖမ်းဆီး စုဆောင်းနေတာလို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013