
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေတဲ့ ဗန်းမော်မြို့ စစ်ကောင်စီတပ်ရင်း ပတ်ဝန်းကျင်တွေမှာ မတ် ၈ ရက်အထိ တိုက်ပွဲတွေ ပြန်လည်ပြင်းထန်နေတယ်လို့ ကချင်ရှေ့တန်းသတင်းရင်းမြစ်ကနေ သိရပါတယ်။
မတ် ၁၀ ရက်အထိ တိုက်ပွဲ ဆက်တိုက်ပြင်းထန်နေပြီးတော့ တိုက်ပွဲအတွင်း စကခ ၂၁ ရဲ့ ရှေ့တန်းကာကင်းတချို့ကို သိမ်းပိုက်ရရှိထားသလို စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးဒရုန်းတွေကိုလည်း ပစ်ချနိုင်ခဲ့တာတွေရှိတယ်လို့ KIA သတင်းရင်းမြစ်က ပြောပါတယ်။
“၈ ရက်နေ့ကနေ စတယ်၊ ၈ ရက်၊ ၉ ရက်၊ ၁၀ ရက်နေ့ ဒီနေ့အထိ သုံးရက်တိုက်ပွဲဆက်ပြီး ပြင်းထန်နေတယ်။ ၉ ရက်နေ့မှာ ဟုတ်တယ်၊ ဒရုန်း ၇ ခု ပစ်ချနိုင်တယ်။ အကြီး ၄ ခု အသေး ၃ ခု ပစ်ချနိုင်ခဲ့တာ ဟုတ်တယ်။ ပြီးတော့ ဒီ စကခ ၂၁ ပတ်ဝန်းကျင်က ကာကင်းတွေကိုလည်း သိမ်းနိုင်တာရှိတယ်။ ၉ ရက်နေ့ကဆို တနေကုန် တညလုံး ပစ်နေကြတယ်။”
နှစ်ဖက်မြေပြင်တိုက်ပွဲလည်း ဆက်ပြင်းထန်နေပြီးတော့ စစ်ကောင်စီဘက်ကတော့ မတ် ၈ ရက် တရက်တည်းတင် ဂျက်လေယာဉ်နဲ့ အကြိမ် ၄၀ ဝန်းကျင် လာရောက်တိုက်ခိုက်ခဲ့သလို ၉ ရက်နေ့မှာလည်း အကြိမ်ရေ ၃၀ ထက်မနည်း လေကြောင်းတိုက်ခိုက်မှုတွေ အပြင်းအထန်ပြုလုပ်ပြီး ခုခံနေတယ်လို့ သိရပါတယ်။
ဗန်းမော်မြို့ပတ်ဝန်းကျင်မှာရှိတဲ့ စစ်ကောင်စီတပ်ရင်းတွေဟာ မြေပြင်စစ်ကူ မရောက်နိုင်တော့တဲ့ အခြေအနေ ဖြစ်ပြီးတော့ လိုအပ်တဲ့ လက်နက်ခဲယမ်း ရိက္ခာတွေကို Y-8 လေယာဉ်နဲ့ နေ့စဉ် နေ့ ည လာချပေးတာတွေ ပြုလုပ်ပြီး လက်နက်ခဲယမ်း ဖြည့်တင်းတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
ဗန်းမော်ပတ်ဝန်းကျင်မှာ တိုက်ပွဲပြင်းထန်မှုမရှိတဲ့ အချိန်မှာလည်း စစ်ကောင်စီဘက်က Y-12 လေယာဉ်နဲ့ ပုံမှန် ဗုံးကြဲတိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်တဲ့ အချိန်တွေမှာတော့ ဗန်းမော်ကောင်းကင်ယံမှာ အချိန်ပြည့် Y-12 နဲ့ ဗုံးကြဲပြီး ခုခံနေတယ်လို့လည်း သိရပါတယ်။
စစ်ကောင်စီက အင်အားအများအပြားနဲ့ ခုခံနေတဲ့ စကခ ၂၁၊ တပ်မ ၈၈ ဗျူဟာ အထိုင်ချထားတဲ့ နမ့်ဖား ဗန်းမော်တက္ကသိုလ်၊ ဗန်းမော်-မံစီလမ်းအထွက် ဖန်းကားကုန်း ခလရ ၄၇ တပ်နဲ့ ဗန်းမော်မြို့ မိုးမောက်လမ်းပေါ်က ၄ မိုင် စစ်ဆေးရုံ၊ ထောက်ပို့တပ်နဲ့ ပတ်ဝန်းကျင်တွေကို မတ် ၈ ရက်က စတင်ပြီး KIA က ပြန်လည်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီဘက်ကလည်း ဖေဖော်ဝါရီလက စတင်ပြီး ညဘက် စစ်ဆင်ရေးပြုလုပ်နိုင်တဲ့ ဒရုန်းအများအပြား အသုံးပြုပြီး ခုခံနေသလို နေ့စဉ်နေ့တိုင်း လေကြောင်းတိုက်ခိုက်မှု အပြင်းအထန်နဲ့ ခုခံနေတယ်လို့ သိရပါတယ်။
ဗန်းမော်မြို့က စစ်ကောင်စီတပ်ရင်းတွေကို KIA နဲ့ ပူးပေါင်းတပ်တွေက လွန်ခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်က စတင်ဝင်ရောက်တိုက်ခိုက်နေပြီး ၃ လ ကြာမြင့်လာပြီ ဖြစ်ပါတယ်။