DVB Logo
Home
မြန်မာသတင်း
ကျောက်ဖြူက စစ်ရှောင် ၂၀၀၀၀ ကျော် နေထိုင်ရေးအခက်အခဲဖြစ်နေ
DVB
·
March 10, 2025
ကျောက်ဖြူက စစ်ရှောင် ၂၀၀၀၀ ကျော် နေထိုင်ရေးအခက်အခဲဖြစ်နေ
Donate to DVB

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ တိုက်ပွဲတွေ ပြင်းထန်လာတာနဲ့အတူ နေရပ်စွန့်ခွာ ထွက်ပြေးလာရတဲ့ စစ်ဘေးရှောင် ၂၀၀၀၀‌ ကျော်ဟာ ယာယီတဲအိမ်တွေ ဆောက်လုပ်ဖို့ ငွေကြေး မတတ်နိုင်တာကြောင့် ဘေးလွတ်ရာ တော၊ တောင်တွေမှာ ဖြစ်သလိုနေထိုင်နေကြရတယ်လို့ ကူညီပေးနေသူတွေဆီက သိရပါတယ်။

ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့အကြား ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၀ ရက်ကစတင်ပြီး လက်ရှိအချိန်ထိ စစ်ကောင်စီရဲ့ ဓညဝတီရေတပ်ဌာနချုပ်အနီးမှာ တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း အနီးအနားကျေးရွာတွေကို ဂျက်တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲချတာတွေ ဆက်တိုက်ဆိုသလို ရှိနေပါတယ်။

ဒါကြောင့် ဓညဝတီရေတပ်ဌာနချုပ်အနီးကျေးရွာတွေက ဒေသခံတွေအပြင် ကျောက်ဖြူ မြို့ပေါ်က ဒေသခံတချို့ ဘေးလွတ်ရာကို ရှောင်တိမ်းလာကြရပြီး လက်ရှိမှာ နေရပ်စွန့်ခွာထွက်ပြေးရသူ ၂၀၀၀၀ ကျော်ရှိလာနေပါပြီ။

စစ်ရှောင်တယောက်က “တချို့တလေကျတော့ အမျိုးတွေအိမ်မှာ သွားနေကြရတယ်။ တချို့ကျတော့ အမျိုးတွေမရှိတော့ တဲလေးတွေ၊ ရွက်ဖျင်လေးတွေမှာပဲ နေကြရတယ်။ အခက်အခဲ အရမ်းရှိတယ်၊ ဝယ်လို့မှ အဆင်မပြေတာလေနော်၊ ပစ္စည်းတွေကလည်း ဘာတခုမှ ဝယ်ရတာ အဆင်မပြေဘူး ဖြစ်သလိုလေးပေါ့။ အပင်အောက်မှာ နေရတာမျိုးတွေ၊ အမိုးတွေ၊ အကာအကွယ်တွေမရှိဘဲ နေနေရတာပါ”လို့ ပြောပါတယ်။

ရေတပ်ဌာနချုပ် အနီးအနားကျေးရွာတွေဖြစ်တဲ့ စိုင်ခြုံ၊ ရှောက်ချောင်း၊ စည်မော်၊ ဦးကင်း၊ ကပ်သပြေ၊ ပြားတဲ၊ ကြံချိန်စတဲ့ ကျေးရွာပေါင်း ၁၀ ရွာကျော်က ဒေသခံတွေအပါအဝင် ကျောက်ဖြူမြို့ပေါ်က ဒေသခံတွေတချို့ ထွက်ပြေးတိမ်းရှောင်နေရတာပါ။

အခုလို နေရပ်စွန့်ခွာထွက်ပြေးလာရတဲ့ စစ်ရှောင်တွေ ယာယီနေထိုင်ဖို့အတွက် ကျောက်ဖြူမြို့နယ်အတွင်း စစ်ရှောင်ကော်မတီနဲ့ ဒေသခံကျေးရွာသားတွေ ပူးပေါင်းပြီးတော့ ယာယီတဲအိမ်အလုံး ၃၀၀ ကျော်ကို ဆောက်လုပ်ပေးထားတာပါ။

ဒါပေမဲ့ စစ်ရှောင်ဦးရေများလာတာနဲ့အတူ ယာယီတဲအိမ်တွေ ထပ်တိုးဆောက်လုပ်ဖို့ လိုအပ်နေပေမဲ့ လက်ရှိမှာ ငွေကြေးအခက်အခဲကြောင့် ဆောက်လုပ်ဖို့ အခက်အခဲဖြစ်နေကြတယ်လို့ ဒေသတွင်း စစ်ရှောင်ကူညီပေးနေသူတွေက ပြောပါတယ်။

လက်ရှိမှာ ကိုးရီးယားရောက် ရခိုင်အသင်းတွေအနေနဲ့ သိန်း ၁၀၀ မတည်ပြီးတော့ စစ်ဘေး ရှောင်တွေနေထိုင်နိုင်ဖို့ မတ် ၈ ရက်က စတင်ပြီး ၁၈ ရက်အထိ ၁၀ ရက်တာ အလှူငွေ ကောက်ခံ သွားဖို့ရှိနေပါတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ရခိုင်အသင်းတာဝန်ရှိသူတယောက်က “သူတို့ရဲ့ အဓိကအခက်အခဲကတော့ နေရေးထိုင်ရေး၊ စားရေးသောက်ရေးပေါ့နော်။ သူတို့တွေက အိုးအိမ်တွေကို ပစ်ပြီးတော့ ထွက်ပြေးလာရတဲ့အခါကျတော့ နေစရာတွေ အရေးတကြီး လိုအပ်နေပါတယ်။ စားစရာတွေလည်း အရေးတကြီး လိုအပ်နေကြပါတယ်။ ဒါကြောင့် ကျနော်တို့အသင်းအနေနဲ့လည်း အရေးပေါ်ကူညီနိုင်အောင် အလှူငွေ ကောက်ခံနေတာ ရှိပါတယ်။ လက်ရှိမှာ ကျနော်တို့ ယာယီတဲ ဆောက်နေကြတာတွေအတွက်ရော၊ အရေးပေါ် စားဝတ်နေရေးအတွက်‌ရော အသုံးပြုနိုင်ဖို့အတွက် အရေးပေါ် သိန်း ၁၀၀ ကူညီပေးထားပါတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်  ၆ ရက်‌နဲ့ ၇ ရက် ၂ ရက်တာအတွင်းမှာ စစ်ကောင်စီက ကျောက်ဖြူမြို့နယ် ဦးကင်းရွာနဲ့ ကြတ္တိန်အောက်ရွာက ဒေသခံနေအိမ်တွေကို ဂျက်ဖိုက်တာတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ် အလုံး ၂၀၀ ကျော်လောက် မီးလောင် ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

ကေခိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013