DVB Logo
Home
Lead Story
ပူတင် ခြေတော်ရင်း အခစားဝင်ခဲ့သည့် သံခင်းတမန်ခင်း
DVB
·
March 10, 2025
ပူတင် ခြေတော်ရင်း အခစားဝင်ခဲ့သည့် သံခင်းတမန်ခင်း
Donate to DVB

“ရုရှားမှာ ပေါက်လွှတ်ပဲစားတွေပြောတာ သဘာဝတရားကြီးကတောင် လက်မခံနိုင်လို့ ငလျင်တွေ တောက်လျှောက် လှုပ်ပြနေပြီ”လို့ ဖုန်းဝင်တာနဲ့ ဘကြီးက တောက်လျှောက်လွှတ်တော့တယ်။

ဒါက ပြောချင်ဇောကြီးလာရင် ဖြစ်တတ်တဲ့ ဘကြီးရဲ့ အရင်းမရှိ အဖျားမရှိ ထုံးစံ။ ဒါပေမဲ့၊ ရုရှားဆိုတဲ့ စကားကြောင့် ရုရှားမှာ မင်းအောင်လှိုင် ထမင်းလွတ်မရူးရုံတမယ် မြူးနေတဲ့ ကိစ္စမှန်း တန်းသိလိုက်တယ်။ ခေတ်သစ်ကမ္ဘာမှာ တခါမှမကြားဖူးတဲ့ သံခင်းတမန်ခင်းစကားကို ပြောဖို့ မင်းအောင်လှိုင် သေချာပြင်ဆင်သွားခဲ့တယ်။ ပြီးတော့ သူဘာပြောပြော မြန်မာပြည်သူတွေတော့ မကြားလောက်ပါဘူးလို့ တွက်သွားခဲ့ပုံလည်း ရတယ်။ ရုရှားမီဒီယာတွေက မင်းအောင်လှိုင် ရူးချက်ကို ဆင်ဆာမဖြတ်ဘဲ တိုက်ရိုက်တင်ဆက်ခဲ့လေတော့ မြန်မာပြည်သူတွေ ဟားလိုက်ရတာ အလွန်။ အဲဒီနောက်  မတ်လ ၅ ရက်မနက်ကစပြီး ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်ကို ဗဟိုပြုကာ ငလျင်တွေ ဆက်တိုက်လှုပ်ခဲ့သလို အဲဒီနေ့ မွန်းလွဲပိုင်းမှာလည်း စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်ကို ဗဟိုပြု ငလျင်တွေဆက်လှုပ်တာကြောင့်  ဘကြီးပြောတဲ့အတိုင်း သဘာဝတရားက တောင် လက်မခံဘူးလို့ ဆက်စပ်တွေးရတော့မလို။

“ပူတင်ကို စကြဝတေးမင်းလို့ မပြောတာပဲ ကံကောင်း”လို့ ဘကြီးက ဆက်ပြောတယ်။ အမှန်ပဲ မင်း အောင်လှိုင်မြှောက်ချက်က ဒီနေ့ခေတ်စကားနဲ့ပြောရရင် တကယ့်ကို နိုင်းပလတ်စ် (9+)အဆင့်။ မတ်လ ၄ ရက်၊ ကရင်မလင်နန်းတော်မှာ ရုရှားအာဏာရှင် ပူတင်နဲ့တွေ့တော့ မင်းအောင်လှိုင်က ဘုရင်ကြီးတပါးသဖွယ် အလေးပြုခဲ့တယ်လို့လည်း သတင်းတွေက ဆိုတယ်။

မင်းအောင်လှိုင် အလေးပြုပုံပြုနည်းကို မမြင်လိုက်ရပေမဲ့ ရုရှားခရီးစဉ် မစတင်မီအချိန်ကတည်းက မော်စကိုသို့ ဆင်ပေါက်လေး ၆ ကောင် လက်ဆောင်ပဏ္ဏာဆက်သကာ အင်ပါယာမင်းဧကရာဇ်ကို ခြွင်းချက်မရှိ သစ္စာခံပါကြောင်း အစောင့်ရှောက်ခံ ဘုရင်ငယ်လေးက ဦးခိုက်လျှောက်ထားခဲ့တဲ့ပုံ။

ပူတင်နဲ့ မင်းအောင်လှိုင်တွေ့ဆုံမှု ရုပ်သံထုတ်လွှင့်တာကို ကြည့်လိုက်တော့ စစချင်းမှာပဲ ပူတင်ဟာ မြတ်စွာဘုရားလက်ထက်က သောမကြွက်မင်းဖြစ်ခဲ့ကြောင်းနဲ့ စဖွင့်တယ်။ သောမကြွက်မင်းဟာ သက္ကရာဇ် ၂၀၀၀ ကျော်တဲ့အခါ အတုမရှိ လက်နက်ဝိဇ္ဇာ ရုရှား ဧကရာဇ်မင်းဖြစ်လာလိမ့်မယ်လို့ ဘုရားရှင်ဗျာဒိတ်ပေး ခဲ့ကြောင်း မင်းအောင်လှိုင်က အတုမရှိတဲ့ သံခင်းတမန်ခင်း စကား ဆက်ပြောတယ်။ ပြီးတော့ အဲဒီရုရှားဧကရာဇ်ဟာ မြန်မာဘုရင်တွေနဲ့လည်း ချစ်ကြည်ရင်းနှီးတဲ့ မဟာမိတ်ဖြစ်မယ်လို့ ဘုရားက ဗျာဒိတ်ပေးခဲ့ကြောင်း ဆက်ပြောပြန်တော့ ရုရှားနဲ့ မြန်မာ ဘုရားဗျာဒိတ် မဟာမိတ်တွေဖြစ်ကြောင်း ဝါးလုံးကွဲရယ်ကာ  သိကြရတော့တယ်။ မင်းအောင်လှိုင်က အဆွေတော် ပူတင်တင် ရုရှားဘုရင် မဟုတ်၊ အကျွန်ုပ်သည်လည်း မြန်မာဘုရင် ဖြစ်ကြောင်း တည့်တည့်မပြောရုံတမယ် ညွှန်းဆိုလေပြန်တော့ တီဗီမှန်သားပြင်မှာ တွေ့ရတဲ့ ပူတင်ရဲ့မျက်နှာက ကြောင်စီစီ။

“ငါက အာဏာသာရူးတာ၊ မင်းအောင်လှိုင်က အာဏာတင်မက ဘုရင်ရူးပါ ရူးခါနေတာ”လို့ ပူတင် တွေးမိလေသလား မပြောတတ်။ ရာသက်ပန်သမ္မတကြီးပူတင်ရဲ့ တသက်တာ အခုလို သံတမန်စကား ဒီတခါသာ ကြားဖူးမှာတော့ သေချာရဲ့။

ဘယ်လိုပဲဖြစ်ဖြစ် မင်းအောင်လှိုင်ကတော့ သူ့ကို နိုင်ငံခေါင်းဆောင်ကြီးအဖြစ် အလည်အပတ်ခရီး ဖိတ်တာ ဒီတနိုင်ငံတည်းသာ ရှိတာကြောင့် သိပ်ပျော်နေတာ အမှန်။ ပူတင်ဆိုတာ ဆရာသခင် အဆင့်မဟုတ်၊ ကမ္ဘာ့အဆင့် အဓိပတိအာဏာရှင်ကြီးအဖြစ် ဘုရားနီးနီး ကိုးကွယ်နေရသူ ဖြစ်ကြောင်း ပူတင် မမြင်မြင်အောင် ရိုးကျိုးပြခွင့်ရတာကိုလည်း မင်းအောင်လှိုင် ကျေနပ်နေတဲ့ပုံ။

ပြီးတော့ ထားဝယ်အထူးစီးပွားရေးဇုန်၊ နျူကလီးယားဓာတ်အားပေးစက်ရုံ၊ စွမ်းအင်၊ နည်းပညာ ၊ဘဏ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ အလုပ်သမားပို့ဆောင်ရေး စတဲ့ စီးပွားရေးနယ်ပယ် ၁၀ ခုကျော် ပူးပေါင်းဆောင်ရွက်ဖို့ နားလည်မှုစာချွန်လွှာတွေ အထပ်လိုက် လက်မှတ်ထိုးခဲ့နိုင်တာကြောင့်  အကောင်အထည်ဖော်နိုင်တာ၊ မဖော်နိုင်တာ အပထား ဘာပဲဖြစ်ဖြစ် လက်မရယ် တထောင်ထောင်နဲ့ တရုတ်ကြီးကိုတောင်  ကပ်ကြွားလို့ရတယ် မဟုတ်လား။

ဒါတင်ဘယ်ကဦးမလဲ။ မေ ၉ ရက်မှာ ကျရောက်မယ့် နှစ် ၈၀ ပြည့် မော်စကိုအောင်ပွဲနေ့ စစ်ရေးပြချီတက်ပွဲ တက်ရောက်ဖို့ မင်းအောင်လှိုင်ကို ပူတင်က ဖိတ်ကြားခဲ့သလို အဲဒီ စစ်ရေးပြချီတက်ပွဲမှာ မြန်မာစစ်တပ်တဖွဲ့  ပါဝင်ချီတက်ခွင့်ရမှာကြောင့် မင်းအောင်လှိုင် အပျော်တွေ ပိလို့။

မင်းအောင်လှိုင်က နိုင်ငံတကာခေါင်းဆောင်တွေ တက်ရောက်တဲ့ပွဲမှာ အကျွန်ုပ်သည်လည်း တိုင်းပြည်ခေါင်းဆောင် တယောက်ပါဆိုပြီး လမ်းသလားချင်တဲ့သူ။ အရင်စစ်အာဏာရှင် ခင်ညွန့်နဲ့ မခြား ပွဲတက်မင်းသားကြီးဖြစ်ချင်သူ။ ရှားရှားပါးပါး ၂၀၂၁ ခုနှစ်၊ ဧပြီ ၂၄ ရက်၊ ဂျာကာတာ မှာကျင်းပတဲ့ အာဆီယံခေါင်းဆောင်တွေရဲ့ အစည်းအဝေးတက်ရောက်ခွင့်ရခဲ့ပေမဲ့ အာဆီယံ ခေါင်းဆောင်တွေက အာဏာသိမ်းတာကိုလက်မခံကြောင်း ခေါ်ငေါက်တဲ့ပွဲ၊ မင်းအောင်လှိုင် စကားတခွန်းတောင် မဟနိုင်ခဲ့တဲ့ဘဝ။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ၊ ဘေဂျင်းမှာကျင်းပတဲ့ တတိယအကြိမ်မြောက် ပိုးလမ်းမဖိုရမ်တုန်းကလည်း ပွဲတက်ချင်တာမှ တပိုင်းသေဘဝမရောက်ရုံ တမယ်ဖြစ်ခဲ့ပေမဲ့ တရုတ်အစိုးရက အဖက်လုပ် မဖိတ်ခဲ့တာကြောင့် နေပြည်တော်မှာ အံတင်း တင်းကြိတ် တောက်ပြင်းပြင်းခတ်ရုံသာ တတ်နိုင်ခဲ့တဲ့ဘဝ။

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ၊ ရုရှားမှာပြုလုပ်တဲ့ ၇ ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်တက်ရောက် ခွင့်ရတုန်းက ပူတင်နဲ့ တွေ့ခွင့်ရရုံကလွဲ အဖက်လုပ်သူမရှိပေမဲ့ ဘာပဲဖြစ်ဖြစ် နည်းနည်းတော့ ပျော်ခဲ့ပုံရတယ်။

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ၊ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ ပြုလုပ်တဲ့ မဟာမဲခေါင်အစည်းအဝေး တက်ရောက်ခွင့်ရခဲ့ပြီး တရုတ်၊ လာအို၊ ကမ္ဘောဒီးယား၊ ထိုင်းဝန်ကြီးချုပ်တို့နဲ့ သီးခြား တွေ့ဆုံခွင့်ရခဲ့တော့ ပုဆိုးဂွင်းသိုင်း မကမိရုံတမယ်။ ကူမင်းကနေ  နေပြည်တော်အပြန် စိတ်ချရတဲ့ တပည့်ကျော် အရူးဘုံမြှောက်တွေက အောင်ပွဲခံကြိုဆိုပွဲတွေ တခမ်းတနားလုပ်ထားပေးတော့ မင်းအောင်လှိုင် သိပ်ကျေနပ်ခဲ့တယ်။

အခုလည်း သိပ်မကြာတော့တဲ့အချိန်မှာ နျူကလီးယားစွမ်းအင်နဲ့ တနိုင်ငံလုံးအနှံ့ မီးထိန်ထိန် လင်းတော့ မှာလိုလို၊ နျူကလီးယားလက်နက်ကြီးပဲ ပိုင်ဆိုင်တော့မှာလိုလို၊ ထားဝယ်အထူး စီးပွားရေးဇုန်ထဲ ရုရှားဝင်လာပြီမို့ တိုင်းပြည်စီးပွားရေး နေ့ချင်းကြီးလာတော့မှာလိုလို ဝါဒဖြန့်အလုံးတွေ တွင်တွင်သုံးကာ ရုရှားကနေ အပြန်အောင်ပွဲခံ။ ဘာပဲဖြစ်ဖြစ် မင်းအောင်လှိုင်ကို ကလန်ချင်နေတဲ့ စစ်အုပ်စုဝင်တွေအပေါ် ဟိတ်လုံးဟန့် လုံးတွေနဲ့ နည်းနည်းဖြစ် ငြိမ်ဆေး ကျွေးနိုင်သွားတယ်။

မင်းအောင်လှိုင် သိပ်ပျော်ခဲ့တယ်။ မင်းအောင်လှိုင် ကိုယ့်ကိုယ်ကိုယ် မြန်မာဘုရင်လို့ ပြောရဲတဲ့အထိ စည်းလွတ်ဝါးလွတ်ကို ပျော်ခဲ့တယ်။ ရုရှားခရီးစဉ်နဲ့တဆက်တည်း ဘယ်လာရုစ်နိုင်ငံရောက်တော့ စစ်ကောင်စီ ရွေးကောက်ပွဲကို ဒီနှစ် ဒီဇင်ဘာ သို့မဟုတ် ၂၀၂၆ ဇန်နဝါရီ နောက်ဆုံးထား လုပ်မယ်လို့ ပြောရဲတဲ့အထိ အတင့်ရဲလာတယ်။ မသေမချင်း မိုက်ဇာတ်ဆက်ခင်းသွားမယ်လို့ ရုရှား ခရီးစဉ်အတွင်း မင်းအောင်လှိုင် ပြောပြခဲ့တယ်။

မင်းအောင်လှိုင်အပေါ် တူးခါးလွန်းတဲ့ ကျနော့်ဘကြီးကတော့ ရုရှား လာရတာ ဧည့်သည်လို မခံစားရဘူးလို့ မင်းအောင်လှိုင် ပြောခဲ့တဲ့စကားကို နိမိတ်လို့ ဆိုတယ်။ မင်းအောင်လှိုင် ရုရှား ပြေးကို ပြေးရမယ်လို့ သူ့ကိုယ်သူ နိမိတ်ဖတ်မိခဲ့တယ်ဆိုတဲ့ ဘကြီးရဲ့ စကား စာရှုသူတွေကရော ဘယ်လို မြင်ကြပါသလဲ။

ထွန်းလင်း

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013