
ဧရာဝတီတိုင်း၊ ပုသိမ် စစ်အခြေခံလေ့ကျင့်ရေးကျောင်းကနေ ထွက်ပြေးတဲ့ စစ်မှုထမ်းသင်တန်းသား ၆ ယောက်ပြန်လည်ဖမ်ဆီးခံရပြီး ရိုက်နှက်နှိပ်စက်ခံထားရသလို လက်ထိတ်ခတ်ပြီး အချုပ်ထဲထည့် ထားတယ်လို့ တပ်နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
ပုသိမ်မြို့၊ ရွှေမြင်တင်အမှတ် ၆ စစ်အခြေခံလေ့ကျင့်ရေးကျောင်း (တကက-၆)မှာ စစ်မှုထမ်း တပ်သားအဖြစ် စုဆောင်းခံထားရတဲ့ လူငယ် ၆ ယောက်ဟာ မတ် ၄ ရက်က ထွက်ပြေးခဲ့ကြပေမဲ့ စစ်တပ်ဘက်က ပြန်ဖမ်းမိသွားတာပါ။
စစ်ကောင်စီတပ်နဲ့ နီးစပ်သူက "ပြန်မိတဲ့သူ အကုန်အရိုက်ခံရတာ၊ အကုန်ဒဏ်ရာတွေနဲ့ အချုပ်ချထားတယ်။ စကစတပ်သားက ဘယ်တော့မှပြေးမလွတ်ဘူး။ နောက်တခါပြေးရင် တခါတည်း အသတ်ခံရမယ်လို့ ပြောတာလို့သိရတယ်။ တပ်ပတ်ပတ်လည်မှာလည်း ဗုံးတွေ ထောင်ထားတယ်လို့ ပြောတာ” လို့ ပြောပါတယ်။
လေ့ကျင့်ရေးတပ် (တကက-၆)မှာ စုဆောင်းခံထားရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေနဲ့ မိသားစုတွေ တွေ့ဆုံခွင့်ကိုလည်း ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလကတည်းက ပိတ်ထားတယ်လို့ ဆိုပါတယ်။
စစ်မှုထမ်း မိသားစုဝင်တယောက်က “ရှေ့တန်းထွက်မှမဟုတ်ပါဘူး၊ သင်တန်းတက်ကတည်းက တွေ့ခွင့်မရ၊ သတင်းမရတာ။ ပို့တယ်ဘာညာလုံးဝမသိရပါဘူး။ သွားမေးလည်း အစောင့်တပ်သားတွေက သူတို့မသိဘူး၊ ပြောခွင့်မရှိဘူးလို့ပြောပြီး ပြန်လွှတ်တာ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က စစ်မှုထမ်းတပ်သားသစ်တွေကို မိသားစုနဲ့တွေ့ခွင့်မပေးတဲ့အပြင် မိသားစုတွေက ဆက်သွယ်ဖို့ ထည့်ပေးလိုက်တဲ့ လက်ကိုင်ဖုန်းတွေကိုလည်း သိမ်းယူထားတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်ကလည်း ပုသိမ် ရွှေမြင်တင် စစ်အခြေခံလေ့ကျင့်ရေး သင်တန်းကျောင်း အမှတ် ၆ မှာ သင်တန်းတက်နေတဲ့ အသက် ၁၉ နှစ်အရွယ် စစ်မှုထမ်းတပ်သားသစ် မောင်ဝိုင်းလေးဆိုသူ ထွက်ပြေးသွားတာကြောင့် စစ်ကောင်စီတပ်က စုံစမ်းစစ်ဆေးရှာဖွေပြီးနောက် ဖမ်းမိချိန်မှာ စစ်ကောင်စီတပ်သားတွေ ဝိုင်းဝန်းရိုက်နှက်လို့ သေဆုံးသွားခဲ့ပါတယ်။