
ဖယ်ခုံမြို့နယ်မှာ ဦးဇင်းပိန် နဲ့ ကပ္ပိယဖြစ်တဲ့ ကိုအိုက်ဘီးတို့ကို စစ်ဆေးဖို့ ခေါ်ဆောင်ရင်း မလိုက်တာကြောင့် သတ်ဖြတ်မိခဲ့တယ်လို့ ဖယ်ခုံဘက်မှာ စစ်ရေးလှုပ်ရှားနေတဲ့ ပျားစစ်ကြောင်းက ထုတ်ပြန်လာပါတယ်။
နားဟီးကျေးရွာအုပ်စု၊ အုန်တိုင်းကျေးရွာ၊ ရှမ်းကျောင်းဘုန်းတော်ကြီးကျောင်းမှာ သီတင်းသုံးနေတဲ့ အရှင်ဓမ္မသရ ခေါ် ဦးဇင်းပိန်နဲ့ ကပ္ပိယဖြစ်တဲ့ ကိုအိုက်ဘီးတို့ဟာ မတ် ၄ ရက်နေ့က ပစ်ခတ်ခံရပြီး ပျံလွန်တော်မူသွားခဲ့တာပါ။
ဦးဇင်းပိန်ဟာ တော်လှန်ရေးကို ထိပါးနှောင့်ယှက်ဟန့်တားပြီး စစ်ကောင်စီဒေါက်တိုင်အနေနဲ့ ဆောင်ရွက်နေတာကို တပ်တွင်းသတင်း၊ ဖယ်ခုံမှာ ပြန်နေတဲ့ ပြည်သူတွေအပါအဝင် တိကျတဲ့ မြေပြင်သတင်းအချက်အလက်တွေကြောင့် စစ်ဆေးဖို့ခေါ်တာမှာ မလိုက်တာကြောင့် ရဲဘော်တယောက်က သေနတ်နဲ့ပစ်ခတ်ခဲ့တယ်လို့ မတ် ၉ ရက်နေ့ လက်ရေးမူ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဖြစ်စဥ်ကတော့ မတ် ၄ ရက်နေ့က ဦးဇင်းပိန်ဟာ နာရေးတခုကိုရောက်ရှိနေပြီး နာရေးအပြီးမှာ ဖယ်ခုံကို ချက်ချင်းမပြန်ဘဲ စစ်ရှောင်တွေကိုသွားတွေ့ပြီး ဖယ်ခုံဈေးကို ပြန်ဖွင့်မှာဖြစ်တဲ့အတွက် ဖယ်ခုံမှာပြန်နေကြဖို့ စည်းရုံးနေခဲ့တယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါကြောင့် ဦးဇင်းပိန် သီတင်းသုံးနေတဲ့ အုန်တိုင်းရွာ ဘုန်းကြီးကျောင်းကို သွားရောက်ပြီး ဦးဇင်းရဲ့ ဖုန်းကို စစ်ဆေးခဲ့တာမှာ စစ်ကောင်စီဒေါက်တိုင်တွေနဲ့ ဆက်သွယ်တာတွေရှိနေလို့ “နင်တို့ အကုန်သိသွားပြီပဲ ဘာမှ ထပ်မမေးနဲ့တော့၊ အဲဒါတွေက အမှန်တရားတွေပဲ”လို့ ဝန်ခံခဲ့ပြီး လိုက်ခဲ့ဖို့ ခေါ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
ခေါ်ဆောင်တဲ့အခါမှာ ‘ငါဘယ်မှမလိုက်နိုင်ဘူး။ နင်တို့အဖြစ်မှန်သိပြီပဲ၊ လုပ်စရာရှိတာ ဒီမှာပဲလုပ်ပါ၊ နင်တို့အလုပ် နင်တို့လုပ်ပါ’ လို့ပြောဆိုပြီး ရုန်းရင်းဆန်ခတ်ဖြစ်ရာကနေ ပျားစစ်ကြောင်းမှ ရဲဘော်မောင်ဘလက်က စိတ်မထိန်းနိုင်ဘဲ သေနတ်နဲ့ပစ်ခတ်ခဲ့ပြီး ကပ္ပိယလည်း အခင်းဖြစ်ပွားချိန် ရောက်ရှိလာတာကြောင့် ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
ပစ်ခတ်ခဲ့တဲ့ ရဲဘော်မောင်ဘလက်ရဲ့ လုပ်ရပ်ကို ပျားစစ်ကြောင်းရဲ့ တပ်စည်းကမ်းအတိုင်း အပြစ်ပေး အရေးယူဆောင်ရွက်နေပြီး အခင်းဖြစ်တဲ့နေရာကနေ ဖုန်းကိုပဲ ယူဆောင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။
ဒီအကြောင်း အသေးစိတ်သိရဖို့ ပျားစစ်ကြောင်းကို သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ဆက်သွယ်ခဲ့ပေမဲ့ အသေးစိတ်ကို ပြန်မဖြေသေးသလို ရထားတဲ့သက်သေတွေ ထုတ်ပြမလားဆိုတာကိုလည်း မလောပါနဲ့ဦး လို့ပဲ ပြန်ဖြေထားပါတယ်။
ဒေသခံလူငယ်တယောက်က “သက်သေအထောက်ထားအတိအကျမရှိဘဲနဲ့ စစ်ကောင်စီကို အတိအကျသတင်းပေးတာမျိုးတွေကို သက်သေမပြနိုင်ဘဲနဲ့ ဒလန်လို့ စွပ်စွဲတာက မလုပ်သင့် မလုပ်ထိုက်တဲ့အရာလို့ ပြောချင်တာပေါ့နော်။ တကယ်လို့ ပြောချင်တယ်ဆိုရင် ပြည်သူတွေကို ချပြဖို့ ပွင့်လင်းမြင်သာမှုရှိစွာ နှစ်ဖက်က ပြည်သူတွေ စစ်ဆေးခွင့်ရှိမှ ကျမတို့အနေနဲ့ ယုံကြည်လက်ခံနိုင်တယ်ရှင့်” လို့ ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ လူမျိုးရေးပြဿနာတွေ ဖြစ်လာနိုင်တာကို ပြည်သူလူထုကြားမှာ ဝေဖန်နေကြပြီး ကျူးလွန်တဲ့သူ ဒါမှမဟုတ် အဖွဲ့အစည်းကို သက်ဆိုင်ရာက အရေးယူပေးဖို့ကိုလည်း ပြည်သူတွေက ပြောဆိုနေကြပါတယ်။
ဖြစ်စဥ်ကို သိသူတယောက်က “ဒလန်ဆိုရင်ရော ဒီလိုရှင်းပစ်လို့မရဘူးဆိုတာကို သူတို့ ထုတ်ပြန်ချက်အရပဲ သိနိုင်တယ်လေ။ ဒလန်ဖြစ်နေတယ် ဆိုရင်တောင်မှ ဘာသာရေးနဲ့ လူမျိုးရေး ပြဿနာတွေ ရှိလာနိုင်တယ်ဆိုရင် တော်တော်ကို သတိထားပြီး ကိုင်တွယ်ရမှာပါ။ ပြီးတော့ ပွဲဆူလာမှ ထုတ်ပြန်ပြောဆိုတာထက် ရထားတဲ့သက်သေတွေကို မြန်မြန်ထုတ်ပြတာမျိုး လုပ်သင့်တယ်” လို့ ပြောပါတယ်။
ဆရာတော်ဟာ ဖယ်ခုံဇာတိ ရှမ်းလူမျိုးဖြစ်ပြီး ဝါတော် ၂၇ ဝါရှိကာ ရှမ်းပိဋကတ်ကျောင်းမှာ ကျောင်းထိုင်အဖြစ် တာဝန်ယူတာ ၈ နှစ်ရှိပြီး သာသနာပြန့်ပွားရေးနဲ့ ဒေသတွင်းက ရှမ်းစာပေယဉ်ကျေးမှုပြန့်ပွားရေးကိုလည်း တစိုက်မတ်မတ် ဆောင်ရွက်နေသလို ရွှေဓမ္မရောင်ခြည် အခမဲ့လူမှုကူညီရေးအသင်းကို ဖွဲ့စည်း တည်ထောင်ပေးခဲ့တယ်လို့ သိရပါတယ်။
တိုင်းရေးပြည်ရေးမကောင်းလို့ ရွာသားတွေ စစ်ဘေးရှောင်ကြရတာမှာ အလှူငွေကောက်ခံပြီး ဘာသာ လူမျိုး မခွဲခြား လိုက်လံထောက်ပံ့ကူညီခဲ့သူဖြစ်တာကြောင့် အခုလို သတ်ဖြတ်ခဲ့တဲ့အပေါ် ဒေသခံတွေက ပြစ်တင်ဝေဖန်နေကြပါတယ်။