
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ပလက်ဝခရိုင်မှာ ယာဉ်စည်းကမ်း မလိုက်နာသူတွေကို အာရက္ခတပ်တော် (AA) ရဲ့ ဒီလပ်ဌာနက ဒဏ်ကြေးငွေ စတင်ကောက်ခံနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ပလက်ဝမြို့ပေါ်က လူသွားလာများတဲ့ စျေးလမ်းမကြီးနဲ့ လမ်းဆုံလမ်းခွတွေမှာ ယာဉ်ထိန်း ဒီလပ်တပ်ဖွဲ့ဝင်တွေက စောင့်ကြည့်စစ်ဆေးပြီး စည်းကမ်းမလိုက်နာသူတွေကို ဇူလိုင် ၂၀ ရက်က စလို့ ဒဏ်ကြေးငွေ ကောက်ခံနေတယ်လို့ ပလက်ဝမြို့က AA နဲ့နီးစပ်တဲ့ အမျိုးသားတယောက်က ပြောပါတယ်။
“ဒေသခံတွေကို ယာဉ်စည်းကမ်း ပညာပေးကာလတွေလည်း လုပ်ခဲ့ပါတယ်၊ လက်ကမ်းစာစောင် တွေလည်း ပေးပါတယ်။ ဒါကို မလိုက်နာမှ ဒဏ်ရိုက်တာပါ။ သူတို့ကို ဒဏ်မရိုက်ခင်ကတည်းက ဆိုင်ကယ်စီးရင် လိုက်နာရမဲ့ စည်းကမ်းတွေကို လက်လှမ်းမီသလောက် ပြောထားပြီးသားပါ။”
ယာဉ်စည်းကမ်း လက်ကမ်းစာစောင်ထဲမှာ စည်းကမ်းချက်တွေများပေမဲ့ ယာဉ်ထိန်း ဒီလပ်ဌာနက ဒေသခံတွေကို ပြစ်ဒဏ်လျှော့ မှတ်ထားတယ်လို့ ပလက်ဝမြို့ခံ အမျိုးသမီးတယောက်က ပြောပါတယ်။
“အဓိက ဆိုင်ကယ်ဦးထုပ်ကို စနစ်တကျ မဆောင်းတဲ့သူတွေပဲ အရေးယူနေတာ။ တကယ် အရေးယူမယ်ဆို ဆိုင်ကယ်ပေါ်မှာ လူ ၃ ယောက်စီးတာ၊ တန်ချိန်တွေ အများကြီး သယ်လာတာတွေ၊ ဆိုင်ကယ် လမ်းမမှန်ဘဲ မောင်းတာတွေ၊ အရှိန်ပြင်းပြင်း မောင်းတာတွေ စတဲ့ စည်းကမ်းချက်က အများကြီးပေါ့။ ဒီလပ်ဘက်က ဒေသခံတွေကို ငဲ့ညှာပြီး ပြစ်ဒဏ်လျှော့ပေါ့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။”
ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကော်မတီက ပြီးခဲ့တဲ့ ဇွန် ၅ ရက်ကနေ ဇူလိုင် ၁၉ ရက်အထိ ရက်ပေါင်း ၄၅ ရက်ကို ပညာပေးကာလအဖြစ် သတ်မှတ်ခဲ့ပါတယ်။
အဲဒီပညာပေးကာလ ပြီးဆုံးပြီးနောက် ဇူလိုင် ၂၀ ရက်ကစပြီး ယာဉ်စည်းကမ်းမလိုက်နာသူတွေကို စတင်အရေးယူနေတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပညာပေးကာလအတွင်းမှာတော့ ယာဉ်မောင်းသူတွေ လိုက်နာရမဲ့ စည်းကမ်းချက်တွေကို လက်ကမ်းစာစောင်တွေ ဖြန့်ဝေတာ၊ အသိပညာပေးတာတွေ ပြုလုပ်ခဲ့ပါတယ်။
ရခိုင်မှာ စည်းကမ်းမဲ့ ယာဉ်မောင်းမှုတွေ၊ စည်းကမ်းမလိုက်နာမှုတွေကြောင့် မတော်တဆမှုတွေလည်း များနေတာကြောင့် အခုလို စည်းကမ်းသတ်မှတ်ပြီး အရေးယူမှုအပေါ် ထောက်ခံတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ပလက်ဝခရိုင် အပါအဝင် ရခိုင်ပြည်က မြို့နယ် ၁၄ မြို့နယ်မှာလည်း အာရက္ခ ပြည်သူ့တော်လှန်ရေးအစိုးရရဲ့ ယာဉ်ထိန်း ဒီလပ်ဌာနက ယာဉ်စည်းကမ်း မလိုက်နာသူတွေကို ဒဏ်ကြေးငွေ သတ်မှတ်ကာ အရေးယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။











