DVB Logo
Home
မြန်မာသတင်း
NLD လူငယ်မျိုးဆက်ဟောင်းနှင့် မျိုးဆက်သစ်များတွေ့ဆုံ 
မြတ်သဇင်
·
May 15, 2026
NLD လူငယ်မျိုးဆက်ဟောင်းနှင့် မျိုးဆက်သစ်များတွေ့ဆုံ 
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ လူငယ်မျိုးဆက်ဟောင်းနဲ့ မျိုးဆက်သစ် တွေ့ဆုံပွဲကို အွန်လိုင်းပလက်ဖောင်းတခုဖြစ်တဲ့ Zoom ကနေ  မေ ၁၅ ရက် ဒီနေ့မှာ ပြုလုပ်ခဲ့ပါတယ်။ 

စစ်အာဏာသိမ်းမှုကြောင့် တနိုင်ငံလုံးဆိုင်ရာ လူငယ်ညီလာခံ မကျင်းပနိုင်ဘဲ မျိုးဆက်နှစ်ခုကြား ချိတ်ဆက်မှု အလှမ်းဝေးကွာနေတာကို ပြန်လည်ကုစားဖို့နဲ့ လက်ရှိတော်လှန်ရေးကာလအတွင်း ရှေ့ဆက်ရမဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေအတွက် အတွေ့အကြုံ ဖလှယ်ချင်တာကြောင့် အခုလို တွေ့ဆုံပွဲ စီစဉ်တာလို့ သိရပါတယ်။

NLD ဗဟိုလူငယ်လုပ်ငန်းအဖွဲ့ဝင် ကိုပုချိုကတော့ နိုင်ငံရေးအရွေ့တခုအတွက် သူတို့ ပြင်ဆင်ထားတာတွေကို ဆွေးနွေးပြီး လူငယ်မျိုးဆက်ဟောင်းက ဘယ်လိုမြင်လဲဆိုတာ သိချင်မိတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ အရွေ့တခုပေါ့နော်၊ နိုင်ငံရေးက အရွေ့တခု ကျနော်တို့ သိချင်တယ်။ ရှေ့က လူငယ်မျိုးဆက်ကလည်း ဘယ်လိုမြင်လဲဆိုတာ။ အဲတော့ ကျနော်တို့ကိုယ်တိုင်လည်း ဘာတွေ လုပ်မလဲဆိုတာ ပြင်ဆင်ထားတာတွေလည်း ရှိတယ်။ သူတို့ကို ပြောပြချင်တယ်ပေါ့နော်။ အဲတော့ ကျနော်တို့တွေ တွေ့ပြီးတော့ အဖြေတခုခုများ ရလိုရငြား၊ ရနိုင်အောင်ပေါ့နော် ကျနော်တို့ ရှာဖွေဖို့ ကျနော်တို့ ဆုံစည်းဖို့ ဆုံးဖြတ်လိုက်တာပါခင်ဗျ။”

နွေဦးတော်လှန်ရေးကာလမှာ လူငယ်တွေဟာ စစ်ရေး၊ နိုင်ငံရေး၊ ထောက်ပို့ အစရှိတဲ့ ကဏ္ဍစုံ၊ နယ်ပယ်စုံတွေမှာ ရဲရဲဝံ့ဝံ့ တက်ကြွစွာ ပါဝင်နေကြပြီး လက်ရှိအခြေအနေအရ စစ်ရေးလှုပ်ရှားမှုတွေဟာ အရေးကြီးသလို နိုင်ငံရေး လှုပ်ရှားဆောင်ရွက်မှု ကဏ္ဍကလည်း အရေးပါပါတယ်လို့ NLD ဗဟိုလူငယ်လုပ်ငန်းအဖွဲ့ အုပ်ချုပ်ရေးမှူး)စလိုင်းယောင်က ပြောပါတယ်။

“နိုင်ငံရေးဆိုတာက ဒါ ကျနော်တို့ သင်ယူမှတ်သားသလောက်၊ လေ့လာမှတ်သားသလောက်ပေါ့နော် ဟို ပြီးဆုံးတယ်ဆိုတာ မရှိပါဘူး၊ သူက မှတ်တိုင်နဲ့ပဲ သွားတာ ဖြစ်တယ်ပေါ့နော်။ အခုဆိုရင်လည်း ကျနော်တို့ ၂၀၁၅၊ ၁၈၊ ၁၇ ပေါ့လေ၊ ဒါ ကျနော်တို့ ၂၀၁၈ မျိုးဆက်ပေါ့၊ တောက်လျှောက် ဖြတ်သန်းလာတဲ့ ကာလမှာတော့ ချောမွေ့တယ်ဆိုပေမဲ့ အခုကာလမှာကျ မချောမွေ့တော့ဘူးပေါ့လေ။ ဒါ တော်လှန်ရေးမှာ အခု ပါနေရတာပေါ့နော်။ အစဉ်တစိုက် အဲဒီလိုမျိုးပဲ နောင်လည်း သူ ရှိသွားဦးမှာပေါ့နော်။ ရှိသွားဦးမယ်ဆိုတာ ဒီ တော်လှန်ရေး ပြီးသွားခဲ့ရင်တောင်မှ အခြားပေါ့နော် ကိုယ်မမျှော်လင့်ထားတဲ့ နိုင်ငံရေး ပဋိပက္ခတွေ၊ နိုင်ငံရေးအရ ဖြေရှင်းရမဲ့ အရာတွေပေါ့လေ၊ အဆင့်ဆင့် မှတ်တိုင်အလိုက် နိုင်ငံရေးရဲ့ ရည်မှန်းချက်ပေါ့လေ၊ အဲဒီလိုမျိုးပဲ သွားရဦးမယ်လို့တော့ ပြောချင်ပါတယ်။”

စစ်အုပ်စုဟာ အာဏာသိမ်းပြီးနောက် NLD ပါတီကို ပယ်ဖျက်ထားသလို ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေမှာလည်း NLD ကို နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်နိုင်ခြင်း မရှိနိုင်အောင် ပြင်ဆင်ဖြည့်စွက်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်တချို့နဲ့ လွှတ်တော်အမတ်တချို့ကလည်း စစ်အုပ်စုဦးဆောင်တဲ့ ရွေးကောက်ပွဲကို အသိအမှတ်မပြုသလို အဲဒီရွေးကောက်ပွဲအတွက် ပါတီကို နောက်တကြိမ် ပြန်ပြီး မှတ်ပုံတင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

လက်ရှိမှာ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အကျဉ်းချထားဆဲ အခြေအနေ ဖြစ်သလို မကြာသေးခင်ကမှ ပြန်လည်လွတ်မြောက်လာခဲ့တဲ့ သမ္မတ ဦးဝင်းမြင့်ကိုလည်း စစ်အုပ်စုက တင်းတင်းကျပ်ကျပ် စောင့်ကြည့်နေတဲ့ အနေအထားလည်း ဖြစ်ပါတယ်။

ဒီလိုအခြေအနေမျိုးမှာ အခုလို မျိုးဆက်ဟောင်း၊ မျိုးဆက်သစ် ‌လူငယ်တွေ့ဆုံပွဲ ကျင်းပတာက အန္တရာယ်ရှိနိုင်တယ်ဆိုတဲ့ ဝေဖန်သံတွေလည်း ထွက်ပေါ်နေတာပါ။

NLD ဗဟိုလူငယ်လုပ်ငန်းအဖွဲ့ဝင် ကိုပုချိုက “ကျနော်တို့တွေ ဒီပွဲကို စပြီး ကျင်းပမယ် ဆိုကတည်းက ကျနော်တို့ အများကြီး စဉ်းစားပါတယ်ခင်ဗျ။ တကယ်တော့ ကျနော်တို့တွေက အခု ကျင်းပတယ် ဆိုတာလည်း ကျနော်တို့ အခြေအနေနဲ့ အချိန်အခါအရ ကျနော်တို့ မဖြစ်မနေ ဒီ မျိုးဆက်တွေ တွေ့ပြီးတော့ ကျနော်တို့ တွေ့ဆုံဖို့ လိုအပ်လို့သာ တွေ့ဆုံရတာပါ။ ကျနော်တို့က ဒီဟာကို စပြီးတော့ လုပ်ကတည်းက ကျနော်တို့ ဗဟိုဦးဆောင်အဖွဲ့ရဲ့ ဗဟိုကော်မတီ အစည်းအဝေးမှာ ဗဟိုကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ ကျနော်တို့ လုပ်ခဲ့တာပါ။ စိတ်ချရတဲ့လူကိုပဲ ကျနော်တို့ လုံခြုံရေးအရ အဆင်ပြေနိုင်မဲ့ လူကိုပဲ ကျနော်တို့ ဖိတ်ကြားပြီးတော့ တက်ရောက်ဖို့လည်း ကျနော်တို့ အကြံပြုထားပါတယ်။ လုံခြုံရေးနဲ့ ပတ်သက်လို့တော့ ကျနော်တို့ သတိထားပါတယ်ခင်ဗျ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ NLD ပါတီက တောင်ပြိုကမ်းပြို အနိုင်ရခဲ့ပေမဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်က အာဏာသိမ်းပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD အစိုးရအဖွဲ့ဝင် အများစုကို ဖမ်းဆီး ထောင်ချခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် လူမြင်ကွင်းကနေ ပျောက်ကွယ်ခဲ့တာဟာ အခုဆိုရင် ၅ နှစ်ကျော်ရှိပြီ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖမ်းဆီးခံနေရသူတွေကို ပြန်လွှတ်ပေးဖို့ အာဆီယံ၊ ဥရောပသမဂ္ဂနဲ့ အမေရိကန် အပါအဝင် နိုင်ငံတကာကလည်း တောင်းဆိုထားပါတယ်။

မြတ်သဇင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013