
ချန်ပီယံလိဂ်ဝင်ခွင့်အတွက် လက်ကျန် ၁၀ ပွဲကို ဗိုလ်လုပွဲစဉ် ၁၀ ပွဲလို ယှဉ်ပြိုင်သွားမယ်လို့ မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပြောပါတယ်။
မန်စီးတီးဟာ မတ် ၈ ရက်က ကစားခဲ့တဲ့ နော်တင်ဟမ်ဖောရက်စ်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ တဂိုး ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့် မသေချာတဲ့အခြေအနေ ရောက်ရှိသွားတာပါ။
အဆင့် ၅ နေရာက ချဲလ်ဆီးက လက်ကျန်ပွဲစဉ်ကို အနိုင်ရမယ်ဆိုရင် မန်စီးတီးကို ၂ မှတ်ဖြတ်ပြီး အဆင့် ၄ နေရာ ကျော်တက်နိုင်မှာပါ။
ဂွါဒီယိုလာကတော့ လက်ကျန် ၁၀ ပွဲကို ဗိုလ်လုပွဲ ၁၀ ပွဲလို ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက် လုံလောက်တဲ့ နိုင်ပွဲမရရှိသေးကြောင်း၊ ပရီးမီးယားလိဂ်က နှစ်စဉ်နှစ်တိုင်း ပိုမိုပြိုင်ဆိုင်မှု ပြင်းထန်လာကြောင်း နော်တင်ဟမ်နဲ့ရူံးပွဲအပြီးမှာ နည်းပြဂွါဒီယိုလာက ပြောသွားပါတယ်။