DVB Logo
Home
မြန်မာသတင်း
ဆင်ဖြူကျွန်းမြို့၊ သရက်ချဉ်ရွာတွင် စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် တပ်စွဲနေ
DVB
·
March 8, 2025
ဆင်ဖြူကျွန်းမြို့၊ သရက်ချဉ်ရွာတွင် စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် တပ်စွဲနေ
Donate to DVB

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့၊ သရက်ချဉ်ကျေးရွာကို မတ် ၆ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်ဘက်က အင်အားအလုံးအရင်းနဲ့ဝင်ရောက်တပ်စွဲလိုက်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

စလင်းမြို့နယ်အခြေစိုက်တော်လှန်ရေးရဲဘော်တယောက်က “သရက်ချဉ်ရွာကိုဝင်ပြီးတော့ တပ်စွဲနေတာ အင်အားများတယ်ဗျ။ စစ်ကား ၁၀ စီးကျော်နဲ့ဝင်လာကြတာ။ တင့်ကားကလည်း ၅ စီး လောက်ပါလာတယ်ဗျ။ သရက်ချဉ်ရွာဘုန်းကြီးကျောင်းကနေပြီး ရမ်းဘိုကုန်းရွာထိပ်အထိ ကင်းပုန်းဝပ်ပြီးတပ်ဖြန့်ထားတယ်” လို့ ပြောပါတယ်။

စလင်းမြို့နယ်အခြေစိုက် ခလရ ၂၅၃၊ ၂၅၄၊ ၂၅၅ တပ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအပြင် ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ က စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၃၀၀ ဝန်းကျင်ပါဝင်တယ်လို့လည်း ဆိုပါတယ်။

စလင်းမြို့နယ် တော်လှန်ရေးတပ်ပေါင်းစုထဲက တပ်ရင်းမှူးတယောက်က “သူတို့ဘက်က စစ်ကူ ထပ်ရောက်လာတာလို့ ပြောလို့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီရွာကို အရင်နှစ် ၁၀ လပိုင်း လကုန်ပိုင်းလောက်ကတည်းက သူတို့ဘက်ကလာပြီး အထိုင်ချနေကြတာ။ အခုဟာက အင်အားအလုံးအရင်းနဲ့ ရောက်လာတာဆိုတော့ စစ်​ရေးအတွက်ပြင်ဆင်တာလား၊ ခံစစ်ပြင်တာလားဆိုတာတော့ အတိအကျမသိသေးဘူး။ ကင်းပုန်းဝပ်တာကလွဲပြီး တခြား စစ်ရေးလှုပ်ရှားတာ မတွေ့ရသေးဘူး။ မျက်ခြေမပြတ်အောင်တော့ စောင့်ကြည့်နေရတယ်။ တော်လှန်ရေးရဲဘော်တွေနဲ့ ပြည်သူတွေအသွားအလာဂရုစိုက်ဆင်ခြင်သင့်တယ်” လို့ DVB ကို ပြောပါတယ်။

သရက်ချဉ်ကျေးရွာမှာ အိမ်ခြေ ၁၀၀ လောက်၊ လူဦးရေ ၅၀၀ လောက်ရှိပြီး ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကုန်ပိုင်းကစလို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်တပ်စွဲနေတာကြောင့် ရွာခံပြည်သူအများစုဟာ ပတ်ဝန်းကျင်ကျေးရွာတွေကို ပြောင်းရွှေ့နေထိုင်နေကြရတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်နေ့ကလည်း သရက်ချဉ်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး တော်လှန်ရေးရဲဘော် ၁ ယောက် ကျဆုံးခဲ့ရပါသေးတယ်။

အခုရက်ပိုင်းအတွင်း စလင်းမြို့နယ်ထဲက ဆင်ဖြူကျွန်းနယ်အတွင်း တိုက်ပွဲတွေဖြစ်ပွားနေသလို စစ်ကောင်စီတပ်ကလည်း စစ်ကြောင်းထိုးဝင်ရောက်နေတာကြောင့် သရက်ချဉ်၊ နောင်တော်ကြီး၊ နောင်တော်လေး၊ ကညှပ်၊ ထူးပေါက်၊ ခရေကုန်း၊ ရှားတော၊ ဥယျာဉ်စု၊ ကျောင်းကုန်း၊ ကျီးသိုက်၊ အုန်းတော၊ နွယ်တမယ် စတဲ့ ကျေးရွာတွေက ထောင်ချီတဲ့ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရ​တယ်လို့လည်း မကွေးတိုင်းအခြေစိုက် စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူတွေဆီကနေ သိရပါတယ်။

Photo - ပုံဟောင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013