ကရင်နီပြည်မှာ ၁၁၁၁ စစ်ဆင်ရေးဖြစ်ပြီးတဲ့နောက် ရှမ်းပြည်တောင်ပိုင်းမှာ စစ်ရှောင်နေကြတဲ့ ပြည်သူတွေကို စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေက နေရပ်ပြန်ဖို့ ဖိအားပေးနေတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။
လာမဲ့ကျောင်းပိတ်ချိန် မတ်လထဲမှာ နေရပ်ပြန်ကြဖို့အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက လိုက်ပြောနေပြီး ပြန်ဖို့လက်မှတ်ထိုးခိုင်းနေတဲ့အပြင် နေရပ်မပြန်ရင် နေအိမ်ချိပ်ပိတ်မယ်လို့လည်း ခြိမ်းခြောက်မောင်းထုတ်နေတယ်လို့ သိရပါတယ်။
စစ်ဘေးရှောင်အမျိုးသမီးတယောက်က “ပြန်မနေရင် အိမ်ချိပ်ပိတ်မယ်။ မီတာလျှောက်ရမယ်။ အိမ်ဝင်း မြက်တွေမရှင်းထားရင် ချိပ်ပိတ်မယ်ပြောတယ်။ အိမ်မရှိတော့ဘူးပြောတာကို ဟိုရောက်မှ သက်ဆိုင်ရာနဲ့ညှိပြီး တဲထိုးနေလို့ပြောတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် စစ်ရှောင်ပြည်သူတွေကို လက်ခံပေးထားတဲ့ ဘုန်းကြီးကျောင်းတွေ၊ ဘုရားကျောင်းတွေ၊ နေအိမ်ငှားပေးထားသူတွေကိုလည်း ဆက်မနေစေဖို့အတွက် ပြောဆိုတာတွေရှိနေပါတယ်။
တောင်ကြီး ဒေသခံတယောက်က “Camp တွေ မထားဖို့ပြောတယ်။ အမတို့ ဘာသာရေးကျောင်းတွေမှာ။ စစ်ရှောင်တွေလည်း ညည်းနေကြတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီဟာ ကရင်နီပြည်၊ လွိုင်ကော်မြို့ ပြန်လည်စည်ကားနေတယ်လို့ အထင်ရောက် စေဖို့အတွက် အဝေးမှာစစ်ရှောင်နေကြတဲ့ ပြည်သူတွေကို နေရပ်ပြန်နေဖို့ ဖိအားပေး ခြိမ်းခြောက်နေသလို စာသင်ကျောင်းနဲ့ တက္ကသိုလ်တွေလည်း ပြန်ဖွင့်ဖို့လုပ်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလလောက်ကစလို့ စစ်ဘေးရှောင်ပြည်သူတွေ နေရပ်ပြန်ဖို့ ဖိအားပေးခဲ့တာဖြစ်ပြီး အခုမတ်လထဲမှာ လာရောက်မောင်းထုတ်တာအပါအဝင်ဆိုရင် ၃ ကြိမ် ရှိနေပြီလို့ စစ်ရှောင်တွေက ပြောပါတယ်။
ညောင်ရွှေမြို့နယ်နဲ့ တောင်ကြီးမြို့နယ်ထဲမှာ စစ်လာရှောင်နေကြတဲ့ပြည်သူ သောင်းနဲ့ချီရှိနေပြီး တချို့က အိမ်ငှားနေထိုင်ကြသလို ဘုန်းကြီးကျောင်းတွေ၊ ဘုရားကျောင်းတွေမှာ နေထိုင်ကြသူတွေလည်း ရှိပါတယ်။