DVB Logo
Home
မြန်မာသတင်း
တော်လှန်ရေးတပ်ဖွဲ့ရှိသည့်နေရာများ တိုက်ခိုက်ခံရမှုအပေါ် အမြင်အမျိုးမျိုးကွဲပြား
DVB
·
March 8, 2025
တော်လှန်ရေးတပ်ဖွဲ့ရှိသည့်နေရာများ တိုက်ခိုက်ခံရမှုအပေါ် အမြင်အမျိုးမျိုးကွဲပြား
Donate to DVB

စစ်ကောင်စီတပ်က တော်လှန်ရေးတပ်ဖွဲ့တွေရှိတဲ့နေရာတွေကို  မြေပြင်နဲ့ လေကြောင်းကနေ အတိအကျ တိုက်ခိုက်နေတဲ့အပေါ်  သဘောထားအမြင်အမျိုးမျိုး ကွဲပြားနေပါတယ်။

စစ်ကောင်စီတပ်ရဲ့ မြေပြင်စစ်ကြောင်းထိုးတာနဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ မီဒီယာတွေက ရေးသားဖော်ပြတဲ့ သတင်းတွေနဲ့ ဆောင်းပါးတွေကြောင့်ဖြစ်တယ်လို့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေနဲ့ လူမှုကွန်ရက်တွေမှာ ဖော်ပြနေကြပါတယ်။

မကွေးတိုင်း၊ မြိုင်မြို့နယ်က တော်လှန်‌ရေးတပ်ဖွဲ့တွေ စိုးမိုးတဲ့ဒေသက ရေနံမှော် ဖေဖော်ဝါရီ ၂၂ ရက်မှာ တိုက်ခိုက်ခံရသလို ဖေဖော်ဝါရီ ၂၅ ရက် မနက်ပိုင်းမှာလည်း မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်အစပ် ဆုံကုန်းကျေးရွာက ဘုန်းကြီးကျောင်းမှာ ကျင်းပတဲ့ မင်္ဂလာဆောင်တခုကို စစ်ကောင်စီက‌ လေကြောင်းတိုက်ခိုက်မှုခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် ပြည်သူ ၁၂ ယောက် သေဆုံးပြီး ၃၀ ‌ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

မတ် ၃ ရက်မှာလည်း မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ် အစပ်က ကျေးရွာ ၉ ရွာကို ဒုတိယအကြိမ် လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် ပြည်သူ ၁၄ ယောက် သေဆုံးပြီး ၁၆ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။ မတ် ၄ ရက်မှာလည်း တတိယအကြိမ် ထပ်မံဗုံးကြဲခဲ့တဲ့အတွက် ပြည်သူတယောက် သေဆုံးခဲ့ပါသေးတယ်။

လူစုလူဝေးပြုလုပ်တာနဲ့ အင်တာနက်အသုံးပြုမှုတွေကြောင့် စစ်ကောင်စီတပ်က မြေပြင်သတင်းရယူနိုင်တဲ့အတွက် ရေနံတွင်းလုပ်ငန်းတွေ ရပ်တန့်ထားတာနဲ့ စတားလင့် အင်တာနက်လိုင်းတွေ ပိတ်ပင်ထားရတယ်လို့ မြိုင်မြို့နယ် ပကဖဆီကနေ သိရပါတယ်။

မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံ ဗိုလ်လက်ယာက “မီဒီယာကတော့ တော်လှန်ရေးတပ်ဖွဲ့တွေ အားကောင်းအောင် ထောက်ခံတဲ့ မဏ္ဍိုင်တရပ်မှာ ပါပါတယ်။ ကျနော်တို့ကတော့ တဖက်စောင်းနင်းတော့ မပြောလိုပါဘူး။ စစ်ကောင်စီကတော့ သွေးခွဲမှာပဲ၊ သပ်လျှိုရတဲ့အဖွဲ့ သပ်လျှိုမှာပဲ။ မီဒီယာတွေကိုလည်း ‌တော်လှန်‌ရေးအင်အားစုတွေက ‌ကျေးဇူးတင်တာရှိတယ်။ ဒါပေမဲ့ သတင်း safe မဖြစ်တဲ့ဟာမျိုး စစ်ကောင်စီ မဲမယ့်ဟာမျိုး ကျရင်တော့ ချိန်တင်သင့်တယ်လို့ တွေးတာပေါ့။ ဘာလို့ဆို တော်လှန်ရေးအင်အားစုက ‌ပြည်သူကို နိုင့်ထက်စီးနင်းပြုပြီး ရတဲ့ဟာမဟုတ်ဘဲ။ တော်လှန်‌ရေးအင်အားဖြစ်မယ့်ဟာ ဆိုရင်တော့ ချပြတာက စဥ်းစားချင့်ချိန်သင့်တယ်လို့ပဲ ပြောချင်တာ” လို့ ပြောပါတယ်။

မြိုင်မြို့နယ်အတွင်းမှာ စစ်ကောင်စီရဲ့ သတင်းပေးတွေ ရှိနေတဲ့အတွက် ကာကွယ်ရေးအဖွဲ့တွေ အနေနဲ့ စစ်ဆေးမှုတွေနဲ့ နယ်မြေထဲ အသစ်ရောက်ရှိလာတဲ့ သူတွေကိုလည်း ကြပ်မတ်စစ်ဆေးနေရတယ်လို့ မြိုင်မြို့နယ် ပကဖတာဝန်ခံ ဗိုလ်လက်ယာက ပြောပါတယ်။

သတင်းမီဒီယာတွေအနေနဲ့ မြေပြင်က အလွဲသုံးစားမှု အဖြစ်အပျက်တွေကို တာဝန်ခံမှုရှိဖို့အတွက်   ယုံကြည်ခိုင်မာတဲ့ အချက်အလက်တွေရရှိတဲ့အခါ ရေးသားဖော်ပြဖို့ ဝတ္တရားရှိတယ်လို့ သတင်းစာပညာရှင်တွေက သုံးသပ်ကြပါတယ်။

ဝါရင့်သတင်းစာဆရာ ဦးမြင့်ကျော်က “အဖြစ်အပျက်တခုချင်းစီမူတည်ပြီး စဥ်းစားရမယ့် ကိစ္စဖြစ်တယ်။ ဒီလိုမျိုး တာဝန်ခံမှုအတွက် ရေးသင့်တယ်ဆိုတဲ့ဟာမျိုး ဖြစ်နေတဲ့အချိန်မှာတော့ မီဒီယာက ရေးသင့်တယ်ထင်တယ်လို့ ကျနော်မြင်တယ်။ ကျနော့်တဦးတည်း အမြင်အရ။  ဒါပေမဲ့ ဘယ်လောက်အထိ ရေးမလဲ၊ ဘယ်လိုပုံစံနဲ့ ပုံဖော်မလဲဆိုတာကတော့ အယ်ဒီတာရဲ့ သူ့ရဲ့ သတင်းမီဒီယာကျင့်ဝတ်အရ သက်ရောက်နိုင်တဲ့အန္တရာယ်ကို လျှော့ချဖို့ ဘယ်လိုရေးသား ဖော်ပြမလဲ၊ ဘယ်လိုအချက်အလက်တွေကို ဘယ်လောက်အထိ ဖော်ပြမလဲဆိုတဲ့ ရှုထောင့်ကနေ စဥ်းစားရမယ်” လို့ ပြောပါတယ်။

မီဒီယာတွေဟာ အများနဲ့သက်ဆိုင်တဲ့ ကိစ္စတွေကို တာဝန်ခံအောင် ထုတ်ဖော်ဖို့ တာဝန်ရှိပေမဲ့ စစ်ကောင်စီဘက်က အာရုံစိုက်ခံစေရမယ့် အကြောင်းအရာတွေကို သက်ရောက်နိုင်တဲ့ အန္တရာယ်တွေကို လျှော့ချတဲ့ပုံစံမျိုးနဲ့ ရေးသားသင့်တယ်လို့ ဦးမြင့်ကျော်က ဆက်ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ မြေပြင်ထောက်လှမ်းရေးစနစ်‌ ကောင်းမွန်တဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တည်နေရာတွေကို သူတို့ရဲ့ သူလျှိုတွေကတဆင့် ဒါမှမဟုတ် အွန်လိုင်းပေါ်က တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဓာတ်ပုံတွေကနေတဆင့် တည်နေရာရယူပြီး လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာလို့ လေတပ်မှာ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ တပ်မတော်သားတယောက်က ပြောပါတယ်။

“တိုက်ပွဲဖြစ်ပြီဆိုတာနဲ့ အဆင့်ဆင့်က သတင်းပို့ပြီးသွားပြီလေ။ ဒီမှာ တိုက်ပွဲဖြစ်နေပြီ၊ လောင်ဂျီကျု ဘယ်လောက်၊ ဒီနားကို ဗုံးကြဲပေးပါဆိုတာ သတင်းတင်မှမဟုတ်ဘူး၊ မတင်ခင်တည်းက အဲဒါတွေက ရောက်ပြီးသွားပြီ။ မတင်လည်း ကြဲမှာပဲ၊ တင်လည်း ကြဲမှာပဲ။ တင်တဲ့အခါကျတော့ အပြစ်ဖြစ်သွားတာပေါ့။ ဆိုင်တာက PDF တွေနဲ့ဆိုင်တယ်၊ ဒီကောင်တွေက နောက်ခံ ဘက်ဂရောင်းတွေနဲ့ ရှုခင်းတွေရိုက်၊ TikTok တွေဆော့၊ ဓာတ်ပုံတွေတင်၊ နောက်ခံတောင်တန်းကို ကြည့်လိုက်တာနဲ့ ဘယ်နေရာဆိုတာ ကြည်းတပ်ကကောင်တွေက သိတယ်လေ။ ဒါဆို ဒီကောင်တွေက အဲ့တောင်တန်းနဲ့ ဘယ်လောက်မီတာအကွာမှာ ရှိတယ်ဆိုတာ လေယာဥ်နဲ့ ကင်းထောက်ရင် ထောက်မယ်၊ ဒရုန်းနဲ့ ကင်းထောက်ရင်ထောက်မယ်၊ လတ္တီကျုသိရင် ကြဲမှာပဲလေ။”

စစ်ကောင်စီအနေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ မီဒီယာတွေအကြား သပ်လျှိုသွေးခွဲတာတွေ လုပ်ဆောင်နေတဲ့အတွက် သတိထားပြီး ချင့်ချိန်ယုံကြည်ကြဖို့ ကာကွယ်‌ရေးတပ်ဖွဲ့ဝင်တွေက တိုက်တွန်းထားပါတယ်။

သီရိ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013