
ယောဒေသတလုံး လွတ်မြောက်ဖို့အတွက် ယောတော်လှန်ရေးတပ်ဖွဲ့တွေပေါင်းပြီး တခုတည်းသော ယောလက်နက်ကိုင်တပ်ဖွဲ့ကို ထူထောင်ဖို့ ဆောင်ရွက်နေပြီလို့ ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဥက္ကဋ္ဌဟောင်းက ပြောပါတယ်။
ယောအမျိုးသားနိုင်ငံရေးကို စုစုစည်းစည်းနဲ့ ဆောင်ရွက်နိုင်ဖို့ အချိန်ကောင်းကို ရောက်လာပြီ ဖြစ်တာကြောင့် ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို ဖျက်သိမ်းပြီး ယောတပ်တော်နဲ့ ပူးပေါင်းကာ တခုတည်းသော ယောဒေသ တော်လှန်ရေးတပ်ဖွဲ့တခုကို ထူထောင်ဖို့ သဘောတူညီမှု ရရှိထားပြီလို့ ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဥက္ကဋ္ဌဟောင်း ရဲဘော်ယောလေးက ပြောပါတယ်။
အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်တဲ့အခါမှာလည်း လူများစု တိုင်းရင်းသားတွေ အနေနဲ့ ယောတိုင်းရင်းသားတွေရဲ့ အခွင့်အရေးနဲ့ တန်းတူရေးကို ချန်မထားခဲ့ဘဲ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးစေချင်တယ်လို့လည်း ပြောပါတယ်။
ရဲဘော်ယောလေးက “တခြားသောဒေသတွင်းမှာရှိနေတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့လည်း ဆွေးနွေးညှိနှိုင်းမှုတွေလည်း ရှိပါတယ်။ လောလောဆယ်မှာတော့ YA နဲ့ နားလည်မှု ပြေလည်မှု တစုံတရာ ရသွားပြီး အခြေခံမူတွေ သဘောတူညီမှု ရသွားပြီဖြစ်တဲ့အတွက် ကျနော်တို့တပ်ဖွဲ့ အနေနဲ့လည်း သီးခြားရပ်တည်ဖို့ မလိုတော့ဘူး။ အဲဒါကြောင့် ကျနော်တို့တပ်ဖွဲ့ကို ဖျက်သိမ်းပြီး အသစ်အသစ်သော YA (ယောအာမီ) အဖြစ် တည်ထောင်ပြီး ယောအမျိုးသားရေးကို လုပ်ဆောင်နေပြီ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
အခုပြန်လည်တည်ဆောက်မယ့် ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနအောက်ကနေ ဆောင်ရွက်သွားမယ့် အဖွဲ့ မဟုတ်ဘဲ သီးခြားရပ်တည်ပြီး ယောဒေသ အမျိုးသားရေးနဲ့ တန်းတူညီတူရရှိရေးကို ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
ယောဒေသတခုလုံး စစ်ကောင်စီကင်းစင်သွားတဲ့အထိ စစ်ရေးဖော်ဆောင်ဖို့ ရည်မှန်းချက်ထားရှိပြီး ပြန့်ကျဲနေတဲ့ ယောဒေသကာကွယ်ရေးတပ်ဖွဲ့တွေကို စုစည်းဖို့ ဆောင်ရွက်နေတာရှိသလို မဟာမိတ် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ကူညီထောက်ပံ့မှုတွေနဲ့ ဆောင်ရွက်သွားမယ်လို့ ရဲဘော်ယောလေးက ပြောပါတယ်။
ရဲဘော်ယောလေးက “ဂန့်ဂေါခရိုင်၊ ကလေးတောင်ပိုင်းရှိမယ်၊ နောက်တခါ အပြင်ယောလို့ ပြောတဲ့ ယောစကားမပြောဘူး၊ ဒါပေမဲ့ ယောသူယောသားလို့ ခံယူထားတဲ့ ယင်းမာပင်၊ ပုလဲပေါက် စသည်ဖြင့် ရှိနေပါသေးတယ်။ ဒီဘက်မှာလည်း ယောနဲ့ ဓလေ့စရိုက်တူတာတွေလည်း ရှိပါသေးတယ်။ ဆိုတော့ လက်ရှိ ကျနော်တို့က အတွင်းယောလို့ပြောတဲ့ ဂန့်ဂေါခရိုင်အတွင်းမှာ စစ်ကောင်စီကင်းစင်သွားရင် အဲဒီဘက်တွေလည်း ကျနော်တို့က စစ်ကောင်စီကင်းစင်သွားအောင် ဒေသခံအဖွဲ့စည်းတွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်သွားဖို့ရှိပါတယ်” လို့ ပြောပါတယ်။
လက်ရှိမှာ ယောဒေသအတွင်းက ပျူစောထီးတွေရှိနေတဲ့ ရွာတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ ရှိနေတဲ့ မြို့နယ်အနီးပတ်ဝန်းကျင်မှာသာ ထိတွေ့တိုက်ပွဲတွေဖြစ်နေပြီး မကြာခင်မှာ ယောဒေသတခုလုံး စစ်ရေးပြင်းထန်လာနိုင်တဲ့ အခြေအနေမှာ ရှိနေတယ်လို့ ဆိုပါတယ်။
အောင်သူ










