
ကရင်နီဒေသမှာ စစ်ကောင်စီတပ်က ကာမီကာဇေ လို့ခေါ်တဲ့ အသေခံဒရုန်းတွေကို အသုံးပြုပြီး စစ်ရှောင်စခန်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာမှာ မတ် ၄ ရက်က ဒီးမော့ဆိုမြို့ အနောက်ဘက်အခြမ်းကို စစ်ကောင်စီက လေကြောင်းကနေ ကာမီကာဇေ အသေခံဒရုန်း ၂ စီးနဲ့ အသုံးပြုတိုက်ခိုက် ခဲ့ပါတယ်။
အဲ့ဒီတိုက်ခိုက်မှုမှာ လူဦးရေရာကျော်ရှိတဲ့ စစ်ရှောင်စခန်းတခုအနီးကို ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်မှုတော့ မရှိခဲ့ပါဘူး။ ကရင်နဲ့ ရခိုင် စစ်မြေပြင်မှာသာ အတွေ့များတဲ့ အသေခံဒရုန်းတွေကို စစ်ကောင်စီတပ်က အခုဆို ကရင်နီမှာပါ ပထမဆုံးအကြိမ်အသုံးပြုတိုက်ခိုက်လာတာပါ။
Drone ပညာရှင်တယောက်က “ဒီးမော့ဆိုမှာ အသုံးပြုသွားတဲ့ ကာမီကာဇေ အသေခံဒရုန်းအမျိုးအစားကတော့ Shahed ပေါ့နော် တချို့တွေကတော့ Shahed လို့ခေါ်တယ်။ ဒီ Shahed အမျိုးအစားလို့ ယူဆလို့ရတယ်။ အခုအသုံးပြုနေတဲ့ ကာမီကာဇေကကျတော့ အရှိန်တခုနဲ့လာပြီးတော့ ၀င်ဆောင့်မှပေါက်တဲ့နည်းကို အသုံးပြုထားတာ။ အဲ့လိုအတွက်ကြောင့် အရှိန်တခုနဲ့လာတဲ့အသံကတော့ ကြားကို ကြားရတယ်ဗျ။ အဓိက ကတော့ အဲ့အသံကို နားထောင်နိုင်ပြီဆိုလို့ရှိရင် ကာမီကာဇေဒရုန်းလာနေပြီဆိုတာကို ကျနော်တို့ သိနိုင်ပါတယ်” လို့ ပြောပါတယ်။
ဒီးမော့ဆိုမှာ ကြဲသွားတဲ့ အသေခံဒရုန်းအမျိုးအစားဟာ ယူကရိန်းစစ်မြေပြင်မှာ နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ အီရန်ရဲ့ အသေခံဒရုန်း Shahid 136 ကို တုပထားပြီးတော့ တရုတ်ရဲ့ Sunflower 200 အသေခံဒရုန်းရဲ့ တည်ဆောက်ပုံကို ဒီဇိုင်းပြန်ယူထားတာ ဖြစ်နိုင်တယ်လို့ ကရင်နီမြေပြင်က Drone ပညာရှင်တယောက်က သုံးသပ်ထားပါတယ်။
ဒီးမော့ဆိုမှာ တိုက်ခိုက်သွားတဲ့ ဒရုန်းတွေမှာတော့ မော်တာအသေးတလုံးတပ်ပြီး ယမ်းနဲ့ပြန် ဆင်ထားတာဖြစ်တဲ့အတွက် ပေါက်ကွဲအားက ၆၀ မမဗုံးသီးထက် ပိုနိုင်တယ်လို့ ဆိုပါတယ်။
ပစ်မှတ်ဆီရောက်ဖို့ လူနဲ့တနေရာရာကနေထိန်းချုပ်ပြီး မောင်းနိုင်သလို GPS အသုံးပြုပြီး နေရာအတိအကျဆီရောက်ဖို့ တိုက်ခိုက်နိုင်ပါတယ်။ ကရင်နီစစ်မြေပြင်မှာတော့ အခုနောက်ပိုင်း လက်နက်ကြီးပစ်ခတ်မှုတွေ လေကြောင်းတိုက်ခိုက်မှုတွေက တိကျလာပြီး အသေခံဒရုန်းတွေမှာ GPS တပ်ပြီး လာတိုက်ခိုက်နိုင်တဲ့အတွက် စိုးရိမ်နေရတယ်လို့ မြေပြင်ကယ်ဆယ်ရေးသမားတွေက DVB ကို ပြောပါတယ်။
ကယ်ဆယ်ရေးသမားတယောက်က “ဒီရှောင်ချိန် တိမ်းချိန်တွေ အဓိကဖြစ်ဖို့လိုအပ်တယ်။ အချိန်မီရဖို့လည်း လိုအပ်တယ်။ အဲ့ဒီလိုပဲ ဗုံးခိုကျင်းတကျင်းကို ဒီဘက်မှာတူးမယ်ဆိုရင် အနည်းဆုံး ခိုင်ခိုင်ခံ့ခံ့လုပ်မယ်ဆိုရင် သိန်းပေါင်း ဆယ်ဂဏန်းနဲ့ ဆယ်ဂဏန်းအထက်ကုန်တဲ့ဟာတွေရှိတယ်။ ၁၁၁၁ စစ်ဆင်ရေး ဖြစ်ပြီးတဲ့နောက်ပိုင်းမှာဆိုရင် တိကျတဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ ဒရုန်းတွေ လေယာဥ်ကြဲတာတွေက ပိုပြီးတော့ များလာတယ်လို့တွေ့ရတယ်ဗျ။ စကစရဲ့ သူတို့ရဲ့အတွင်းပေး ဒလန်တို့ သူလျှိုတို့ကလည်း မြေပြင်မှာရှိနေနိုင်တယ်” လို့ ပြောပါတယ်။
စစ်ကောင်စီက တရုတ်က၀ယ်လာတဲ့ စိုက်ပျိုးရေးသုံးဒရုန်းတွေကို လက်နက်တပ်ဆင်ပြီး လိုအပ်တဲ့ ဗုံးသီးတွေကိုတော့ မကွေးတိုင်းထဲက ကပစ စက်ရုံတွေကနေ ထုတ်လုပ်ပါတယ်။
Jane’s Defence Weekly ရဲ့ပင်တိုင်ဆောင်းပါးရှင် စစ်ရေးလေ့လာသုံးသပ်သူ အန်သိုနီဒေးဗစ်ရဲ့ သုံးသပ်ချက်အရ စစ်ကောင်စီအသုံးပြုနေတဲ့ ဒရုန်းတွေဟာ ပေါက်ကွဲအားနည်းပေမဲ့ တိုက်ပွဲတွေမှာ အလျင်အမြန်နဲ့ ဗျူဟာမြောက် တုံ့ပြန်နိုင်တာဖြစ်တဲ့အတွက် လေယာဥ်သုံးမယ့်အစား ဒရုန်းတွေ ပိုသုံးလာတာလို့ ဆိုပါတယ်။
နောက်ပိုင်းမှာ စစ်တပ်က ဒရုန်းတွေပိုသုံးလာနိုင်ပြီး လေယာဥ်ဆီအသုံးစရိတ်ချွေတာနိုင်တာက အားသာချက်တခုဖြစ်လာမယ်လို့ စစ်ရေးလေ့လာသုံးသပ်သူ အန်တိုနီ ဒေးဗစ်က DVB နဲ့ သီးသန့် အင်တာဗျူးမှာ ပြောပါတယ်။
“စစ်ကောင်စီရဲ့ အသေခံဒရုန်းတွေဟာ တရုတ်ရဲ့ Sunflower 200 ထက် အရွယ်အစားသေးသလို နည်းပညာလည်း သိပ်မမြင့်မားပါဘူး။ Sunflower 200 မှာ ကီလို၈ရမ် ၄၀ ရှိတဲ့ ထိပ်ဖူးတပ်ဆင်ထား ပါတယ်။ ဒါဟာ တော်တော်ပေါက်ကွဲအားပြင်းတဲ့ ပမာဏပါ။ ကရင်ပြည်နယ်ကဖြစ်စဥ်မှာ ထိခိုက်ပျက်စီးမှု သိပ်မများတာကိုကြည့်ရင် စစ်တပ်ရဲ့ အသေခံဒရုန်းတွေဟာ အရွယ်အစားသေးငယ်သလို ပေါက်ကွဲအားကလည်း ၅ ကီလို ၀န်းကျင်လောက်သာရှိနိုင်မယ်လို့ ကျနော် ခန့်မှန်းပါတယ်။ ဒါကြောင့် အီရန်လုပ်၊ တရုတ်လုပ်၊ အသေခံဒရုန်းတွေထက် ဖျက်အားနည်းပါတယ်။ ဒါပေမဲ့ ဆိုးတာက စစ်တပ်ဟာ ဒီဒရုန်း တွေကို ဗျူဟာကျကျ မြန်မြန်ဆန်ဆန် တုံ့ပြန်နိုင်အောင် အသုံးပြုနေတာပါ။”
စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ အသေခံဒရုန်းတွေကို ကာကွယ်ဖို့အတွက်က ဗုံးခိုကျင်းပါ။ လက်ရှိ မိုးဗြဲတိုက်ပွဲမှာလည်း စစ်ကောင်စီဘက်က ဒရုန်းအသုံးပြုမှုတွေ သိသိသာသာပိုများလာနေပါတယ်။ တိုက်ပွဲတွေအပြင် ရေဘေးပါကြုံခဲ့ရတဲ့ ကရင်နီဒေသခံတွေမှာ ဗုံးခိုကျင်းဆောက်ဖို့ကလည်း ကုန်ကြမ်းဈေးကြီးမှုတွေကြောင့် အများစုက သေချာမဆောက်နိုင်ကြ သေးပါဘူး။
မောရစ်











