
မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်ထဲမှာ စစ်အာဏာရှင်တပ်က သြဂုတ် ၁၆ ရက် မနက်ပိုင်းက ဒရုန်းနဲ့ ဗုံးကြဲချခဲ့တာကြောင့် ပြည်သူတယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
Wetlet Informational Network ရဲ့ တာဝန်ခံ ကိုနဂါးလေးက “မနက် ၁၀ နာရီကျော်လောက်မှာ စဉ့်ကူးတောင်ခြမ်း ညောင်ပင်အထိုင်ချနေတဲ့ (စစ်–) တွေက အဲဒီရွာရဲ့ အနောက်တောင်ဘက် ရွှေဘယက်ရွာထဲကို တိုက်ခိုက်ရေး ၄ လက်ဒရုန်းနဲ့ ဗုံး ၃ လုံးကြဲသွားလို့ အသက် ၆၄ နှစ်အရွယ် ဦးတင်ထွန်း သေဆုံးသွားပြီးတော့ အိမ်တချို့လည်း ပျက်စီးခဲ့ပါတယ်” လို့ ပြောပါတယ်။
စစ်အာဏာရှင်လက်အောက်ခံတွေဟာ စဥ့်ကူးမြို့တောင်ဘက်ခြမ်းမှာရှိကြတဲ့ ထုံးကြီးကျေးရွာ၊ ရွှေဂုဏ်တိုင်ကျေးရွာ၊ ညောင်ပင်ကျေးရွာတွေနဲ့ စဉ့်ကူးမြို့နယ် အနောက်တောင်ဘက် ကျွန်းကြီးကျေးရွာ ဘုန်းကြီးကျောင်းထဲမှာ အထိုင်ချ တပ်စွဲနေကြပြီး အနီးအနားကျေးရွာတွေကို ဒရုန်းတွေနဲ့ ဗုံးကြဲ လက်နက်ကြီးနဲ့ ပစ်ခတ်နေတာတွေ နေ့စဥ်ပြုလုပ်နေပါတယ်။
ဩဂုတ် ၁၄ ရက်ကလည်း ဆင်သေရွာတောင်ဖျားကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတာကြောင့် အသက် ၆၀ ဝန်းကျင်အရွယ် အမျိုးသမီးတယောက် သေဆုံးခဲ့ပါတယ်။
စဥ့်ကူးမြို့နယ်တောင်ခြမ်းနဲ့ အနောက်တောင်ခြမ်းက ဧရာဝတီမြစ်ကမ်း အရှေ့ဘက်ဘေးမှာရှိကြတဲ့ ကျေးရွာတွေမှာ စစ်အာဏာရှင်တပ်ဖွဲ့တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား စစ်ရေး တင်းမာနေတယ်လို့ ကင်းထောက်မြေပြင်သတင်းမှန်ပြန်ကြားရေး (စဥ့်ကူး) တာဝန်ရှိသူက ပြောပါတယ်။
“စဥ်ကူးတောင်ခြမ်းနဲ့ အနောက်တောင်ခြမ်းမှာက စစ်တပ်ဘက်က စစ်ရေးလှုပ်ရှားတာတွေ ဆက်တိုက်လုပ်နေသလို ကျေးရွာတွေကို ဒရုန်းတွေနဲ့ ဗုံးကြဲတာတွေ ဆက်တိုက်လုပ်နေတယ်။ လက်ရှိကတော့ အဲဒီဘက်မှာ စစ်ဆိုင်နေတဲ့အခြေအနေ ရှိပေမဲ့ စစ်ရေးအခြေအနေ ပြင်းထန်လာနိုင်လို့ ဒီဘက်တော်လှန်ရေးအဖွဲ့တွေဘက်ကလည်း ပြည်သူတွေကို မထိခိုက်စေဖို့ ပြောင်းရွှေ့ကြဖို့လည်း တိုက်တွန်းနေတယ်။ အများစုကတော့ စစ်ရှောင်နေပြီလို့ ပြောလို့ရပါတယ်။ ဒါပေမဲ့လည်း ကျန်တဲ့ရွာတွေ ကျန်ကြသေးတယ်။”
စဥ့်ကူးမြို့နယ်၊ တောင်ခြမ်းနဲ့ အနောက်တောင်ခြမ်းက ဧရာဝတီမြစ်ကမ်း အရှေ့ဘက်ဘေးမှာရှိကြတဲ့ ကျေးရွာတွေဟာ စစ်အာဏာရှင်တပ်ဖွဲ့တွေရဲ့ လှုပ်ရှားသွားလာနေတဲ့ နယ်မြေတွေ ဖြစ်ပါတယ်။
စစ်ရေးလှုပ်ရှားမှုတွေနဲ့ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှုတွေ အချိန်မရွေး ဖြစ်ပေါ်နိုင်တဲ့ နယ်မြေအဖြစ် သတ်မှတ်ထားတာကြောင့် ဒေသခံပြည်သူတွေရဲ့ လုံခြုံရေးအတွက် ဘေးလွတ်ရာ ယာယီပြောင်းရွှေ့နေထိုင်ကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ TRI ဗျူဟာက အသိပေး ထုတ်ပြန်ထားပါတယ်။











