ဩဂုတ် ၄ ရက်က ခါဆွန်မြို့မှာ ဈေးသည်တယောက်ကို ရုရှားက ဒရုန်းနဲ့ တမင်အမဲလိုက်ခဲ့တယ်လို့ ယူကရိန်းက စွပ်စွဲလိုက်ပါတယ်။
ထွက်ပေါ်လာတဲ့ ဗီဒီယိုမှတ်တမ်းမှာ အဝေးထိန်း FPV ဒရုန်းဟာ အမျိုးသားတယောက်နောက်ကို လိုက်လာပြီး ယာဉ်တစီးအနီးမှာ ပေါက်ကွဲခဲ့တာကို မြင်တွေ့ရပါတယ်။
အသက် ၅၂ နှစ်အရွယ် ဟင်းသီးဟင်းရွက်သည် ယူရီဟာ ထိခိုက်ဒဏ်ရာရခဲ့ပေမဲ့ အသက်အန္တရာယ်တော့ မရှိဘူးလို့ ဆိုပါတယ်။
“ထီးတွေထောင်ပြီး ပစ္စည်းသေတ္တာတွေ စထုတ်ရုံပဲ ရှိသေးတယ်... ကျနော့်ဇနီးလည်း အဲဒီမှာရှိတယ်။ အသံတဝီဝီ ကြားလိုက်တယ်” လို့ ယူရီက ပြောပါတယ်။
“ဒီနေ့ ခါဆွန်က အရပ်သားတွေအပေါ် ရုရှားကျူးလွန်တဲ့ ဒရုန်း ‘ဆာဖာရီ’ အမဲလိုက် ဗီဒီယို နောက်တခုကြောင့် လူအများ ထိတ်လန့်ခဲ့ကြရပါတယ်” လို့ ယူကရိန်းသမ္မတ ဇလန်းစကီးက ပြောပါတယ်။
နိုင်ငံခြားရေးဝန်ကြီး အန်ဒရီ စီဘီဟာ ကလည်း ဒါဟာ “ရက်စက်တဲ့ ရုရှားစစ်ရာဇဝတ်မှု” လို့ ဝေဖန်ပါတယ်။
ယူကရိန်းနိုင်ငံတောင်ပိုင်း ခါဆွန် ဒေသဆိုင်ရာစစ်ဘက်အုပ်ချုပ်ရေးက သြဂုတ် ၄ ရက်မှာ ထုတ်ပြန် ခဲ့တဲ့ ဗီဒီယို ထဲမှာတော့ ဒရုန်းတစ်စင်း မပေါက်ကွဲခင်မှာ ဈေးဆိုင်အဖြစ် သုံးနေတဲ့ မီနီဘတ်စ် တစီး ဘေးမှာ ရပ်နေတဲ့ အမျိုးသား တစ်ဦးရှေ့မှာ ပျံသန်းနေတာကို ပြထားပါတယ်။
ဗီဒီယိုထဲမှာ အမျိုးသားက ကားဘေးမှာ ရပ်နေတုန်း ဒရုမ်းနားက သူ့နားမှာ ပျံဝဲနေတာကို တွေ့ရတာပါ။ အမျိုးသားက မီနီဘတ်စ်နောက်ကိုသွားချိန်မှာ ဒရုန်းက အမျိုးသားရဲ့ လှုပ်ရှားမှု နောက်ကို လိုက်နေတဲ့ပုံကို တွေ့ရပါတယ်။
အဲဒိနောက် ဒရုန်းက စိုက်ဆင်းသွားပြီး မီနီဘတ်စ်ရဲ့ ကား စက်ဖုံးနားမှာ ဖောက်ခွဲလိုက်လို့ အမျိုးသား ရပ်နေတဲ့ နေရာဘေးမှာ ပေါက်ကွဲခဲ့ပါတယ်။
ယူကရိန်းအာဏာပိုင်တွေက ဒီဖြစ်ရပ်က သြဂုတ်လ ၄ ရက်မှာ ဖြစ်ခဲ့တာလို့ ပြောပါတယ်။ ဒီအမျိုးသားဟာ အသက် ၅၂ နှစ်အရွယ် မိုင်ကိုလေ့ဗ် ဒေသမှာ နေသူဖြစ်ပြီး ဈေးထဲမှာ အရောင်းအဝယ် လုပ်နေတုန်း ဒရုန်း တိုက်ခိုက်မှုမှာ ဒဏ်ရာရခဲ့ တာပါ။
သူဟာ အသက်ရှင်ကျန်ရစ်ခဲ့ပြီး ပေါက်ကွဲမှုက ရတဲ့ ဒဏ်ရာတွေ၊ ဗုံးဆန် ဒဏ်ရာတွေနဲ့ ဦးနှောက် ထိခိုက် ဒဏ်ရာတွေ ရခဲ့တယ်လို့ ယူကရိန်းအမျိုးသား ရဲတပ်ဖွဲ့က ပြောပါတယ်။
ယူကရိန်းအမျိုးသားရဲတပ်ဖွဲ့နဲ့ ယူကရိန်းနိုင်ငံခြားရေး ဝန်ကြီးတို့က ဖြစ်ရပ်ဟာ သြဂုတ်လ၄ရက် မှာ ဖြစ်ခဲ့တာလို့ ပြောပါတယ်။ ယူကရိန်းကို အပြည့်အဝကျူးကျော် ချိန်အတွင်း အရပ်သားတွေကို ရည်ရွယ်ချက် ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို ရုရှားက အကြိမ်ကြိမ် ငြင်းဆိုခဲ့ပါတယ်။
၂၀၂၂ ခုနှစ် နိုဝင်ဘာလကတည်းက ခါဆွန်မြို့ကနေ ဆုတ်ခွာခဲ့တဲ့ ရုရှားတပ်တွေဟာ လက်ရှိမှာ ဒနီပရိုမြစ် တဖက်ကမ်းကနေပြီး ဒရုန်းတွေနဲ့ မကြာခဏ တိုက်ခိုက်နေတာပါ။
ဒီနှစ် ၂၀၂၆ ခုနှစ်မှာ ယူကရိန်းအရပ်သား သေဆုံးမှု ပိုများလာတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။
ရုရှားဘက်ကလည်း သူတို့ရဲ့ နယ်စပ်ဒေသက အရပ်သားတွေကို ယူကရိန်းက ဒရုန်းတွေနဲ့ တမင်ပစ်မှတ်ထား တိုက်ခိုက်နေတယ်လို့ စွပ်စွဲထားပါတယ်။










