
ရုရှားပစ်မှတ်တွေကို တိုက်ခိုက်ရာမှာ ဗြိတိန်လုပ်ဒရုန်းတွေ အသုံးပြုခဲ့တာ အတည်ပြုနိုင်ခဲ့အပြီးမှာ ယူကရိန်းအကျပ်အတည်း ပိုတင်းမာအောင် ဗြိတိန်က ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတယ်လို့ ရုရှားက စွပ်စွဲလိုက်ပါတယ်။
ဗြိတိန်ဟာ သွေးထွက်သံယို ရာဇဝတ်မှုတွေနဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေရဲ့ ကြံရာပါဖြစ်ပြီး “ပါဝင်ပတ်သက်မှု နက်ရှိုင်းလာလေလေ၊ ပေးဆပ်ရမဲ့တန်ဖိုး မြင့်လာလေလေ” ဖြစ်မယ်လို့ ဗြိတိန်ဆိုင်ရာ ရုရှားသံရုံးက သတိပေးပါတယ်။
ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာနကတော့ ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ ကျူးကျော်မှုကို ကာကွယ်ဖို့ ယူကရိန်းနဲ့ “တပြေးတည်း ရပ်တည်နေတယ်” လို့ တုံ့ပြန်ပါတယ်။
ဗြိတိန်ကုမ္ပဏီ ၂ ခုက ထုတ်လုပ်တဲ့ ဒရုန်းတွေကို ရေနံချက်စက်ရုံတွေနဲ့ Wildberries ကုန်လှောင်ရုံတွေ အပါအဝင် ရုရှားရဲ့ စစ်ရေးနဲ့ စက်မှုပစ်မှတ်တွေကို တိုက်ခိုက်ရာမှာ သုံးခဲ့တာပါ။
ဒီတိုက်ခိုက်မှုတွေကြောင့် စီးပွားရေးပျက်စီးဆုံးရှုံးမှု ပေါင် ၃၅ ဘီလီယံကျော် ရှိမယ်လို့ ခန့်မှန်းထားပါတယ်။
နောက်ဆုံးအနေနဲ့ ဩဂုတ် ၁၇ ရက်က ရုရှားအပေါ် တိုက်ခိုက်မှုမှာ ကလေးတယောက် အပါအဝင် ၉ ယောက် သေဆုံးပြီး ၂၃ ယောက် ဒဏ်ရာရခဲ့ပါတယ်။
ဩဂုတ် ၁၅ ရက် ညကလည်း ယူကရိန်းဟာ ရုရှားဘက်ကို ဒရုန်း ၈၂၂ စင်းခန့် ပစ်လွှတ်ခဲ့ရာမှာ ၆၀၀ လောက်က မော်စကိုကို ဦးတည်ခဲ့ပြီး ရုရှားတဝန်း လူ ၇ ယောက် သေဆုံးခဲ့ပါတယ်။
အဲဒီညမှာပဲ ရုရှားရဲ့ တိုက်ခိုက်မှုကြောင့် ယူကရိန်းဘက်မှာလည်း အနည်းဆုံး ၇ ယောက် သေဆုံးပြီး ၃၉ ယောက်ကျော် ဒဏ်ရာရခဲ့ပါတယ်။
ရုရှားဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ယူကရိန်းကို အလုံးစုံ ကျူးကျော်ခဲ့ပြီး လက်ရှိ ယူကရိန်းနယ်မြေရဲ့ ၅ ပုံ ၁ ပုံလောက်ကို ထိန်းချုပ်ထားပါတယ်။
ဗြိတိန်က တာဝေးပစ်ဒရုန်းတွေ အပါအဝင် ဒရုန်းသောင်းနဲ့ချီ ယူကရိန်းကိုပေးမဲ့ အကြီးဆုံး ပံ့ပိုးမှုအစီအစဉ်ကို ပြီးခဲ့တဲ့ ဧပြီလမှာ ကြေညာခဲ့ပါတယ်။











