
ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ CDF-ASHO က ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်း ၂၀ ကျော်ထဲမှာ စစ်မှုထမ်းဖို့ စုဆောင်းခံခဲ့ရသူ ၁၂ ယောက် အထိပါဝင်နေပြီး နိုင်ငံအနှံ့က စုဆောင်းထားသူတွေဖြစ်တယ်လို့ CDF-ASHO ရဲ့ ပြန်ကြားရေးတာဝန်ခံ ဆလိုင်းရိုးချင်းက DVB ကို ပြောပါတယ်။
ဖေဖော်ဝါရီ ၂၄ ရက်ကနေ ၂၆ အထိ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ် ကာကင်းစခန်းတွေကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၃ ယောက်ကို ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးမေးမြန်းချက်အရ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ စစ်သားသစ်အဖြစ် စုဆောင်းခြင်းခံရသူ ၁၂ ယောက်အထိ ပါဝင်နေကာ မြန်မာပြည်အောက်ပိုင်းဒေသတွေက အများဆုံးစုဆောင်းခံခဲ့ရသူတွေလို့ သိရပါတယ်။
ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ - အရှို (CDF-ASHO) ရဲ့ ပြန်ကြားရေးတာဝန်ခံ ဆလိုင်းရိုးချင်း က “တချို့တွေက ရခိုင်ပြည်နယ်က ၂ ဦးပါပါတယ်။ နောက်တယောက်ကတော့ တနင်္သာရီတိုင်း၊ မြိတ်မြို့ကပါပါတယ်။ ရာထူးအမြင့်ဆုံးကတော့ ဒုတပ်ကြပ်တဦးပါပါတယ်။ လတ်တလောမှာတော့ ကျနော်တို့ တကူးတကလိုက်ရှာပြီး ဖမ်းဆီးတာမျိုးတော့ မရှိသေးပါဘူး” လို့ ပြောပါတယ်။
ဖမ်းမိတဲ့ စစ်သုံ့ပန်းတွေထဲက စစ်မှုထမ်းအဖြစ် စုဆောင်းခံရသူတွေဟာ အသက် ၁၉ နှစ်ကနေ ၃၅ နှစ်အတွင်းဖြစ်ပြီး တိုင်းရင်းသားအဖြစ် ရခိုင်လူမျိုးတယောက်သာ ပါပြီး ကျန်သုံ့ပန်းတွေဟာ ဗမာတွေ ဖြစ်တယ်လို့ သိရပါတယ်။
CDF-ASHO အနေနဲ့ အာရက္ခတပ်တော် (AA) ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီရဲ့ စစ်ကူလမ်းကြောင်းတွေကို ကြားဖြတ်တိုက်ခိုက်တာ၊ ရခိုင်ပြည်နယ်က ထွက်ပြေးလာသူတွေကို လိုက်လံဖမ်းဆီးတာတွေကို ဆက်တိုက်ပြုလုပ်နေရပါတယ်။
၂၀၂၄ ခုနှစ်ကစပြီး CDF-ASHO က ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်သားအရေအတွက်ဟာ ဒီနေ့အထိ ဆိုရင် ၂၀၀ နီးပါးအထိရှိနေပြီး ဖမ်းဆီးရမိသူတွေကို နိုင်ငံတကာစစ်သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းထားတယ်လို့ CDF-ASHO ဆီက သိရပါတယ်။










