DVB Logo
Home
မြန်မာသတင်း
ရေစကြိုတိုက်ပွဲအတွင်း MBT ဌာနချုပ်တပ်စခန်း မီးရှို့ဖျက်ဆီးခံရ
DVB
·
March 7, 2025
ရေစကြိုတိုက်ပွဲအတွင်း MBT ဌာနချုပ်တပ်စခန်း မီးရှို့ဖျက်ဆီးခံရ
1 / 5
Donate to DVB

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ထဲက တိုက်ပွဲတွေအတွင်းမှာ Myingyan Black Tiger တပ်ဖွဲ့ရဲ့ ဌာနချုပ်တပ်စခန်းတခု  မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ သိရပါတယ်။

Myingyan Black Tiger တပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက “ရေလယ်ကျွန်း ဝင်နေတဲ့ စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်တဲ့ရက်ကတော့ ၈ ရက်လောက် ဆက်တိုက်ဖြစ်ခဲ့တာပေါ့။ အဲဒီတိုက်ပွဲတွေဖြစ်ပြီး ကျနော်တို့ တပ်စခန်းဌာနချုပ် မီးရှို့ဖျက်ဆီးခံလိုက်ရတာပါ” လို့ ပြောပါတယ်။

ရေစကြိုမြို့နယ်က ရေလယ်ကျွန်းဒေသဘက်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ Myingyan Black Tiger ပူးပေါင်းတပ်ဖွဲ့တို့ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက်ကစပြီး မတ် ၅ ရက်အထိ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့တာလို့လည်း ဆိုပါတယ်။

Myingyan Black Tiger တပ်ဖွဲ့ရဲ့ တာဝန်ခံ ကိုမိုက်ခဲက “သူတို့ဘက်က အင်အား ၂၀၀ နီးပါးပါဝင်တဲ့ စစ်ကြောင်းနဲ့ တိုက်ပွဲတွေ ဖြစ်ခဲ့ကြတာပါ။ ၅ ရက်နေ့က နောက်ဆုံးတိုက်ပွဲက ဇရပ်နီရွာ မြောက်ဘက် ဖြစ်ခဲ့ကြတာ။ တိုက်ပွဲကြာချိန်ကတော့ နာရီဝက်လောက်ပါပဲ။ တိုက်ပွဲထဲမှာ ပြည်သူတွေ အန္တရာယ်ကင်းကင်း ရှောင်တိမ်းနိုင်အောင်လို့ ကာကွယ်ပေးခဲ့ရတာတွေရယ်၊ တိုက်ပွဲထဲကို တခြားတပ်ရင်းတွေက စစ်ကူလာဖို့ လမ်းကြောင်း ခက်ခဲတာတွေပေါ့။ နောက်တခုက တိုက်ပွဲထဲမှာ ခဲယမ်းပြတ်တောက်သွားတဲ့ ပြဿနာပေါ့ဗျာ။ အဲဒါတွေကြောင့် ကျနော်တို့ဌာနချုပ်စခန်း ပါသွားပြီး မီးရှို့ဖျက်ဆီးခံလိုက်ရတာပါ။ ပမာဏအနေနဲ့ကတော့ များတယ်။ ဖောက်ခွဲရေးပစ္စည်း ထုတ်လုပ်တာတွေ၊ တာဝေးလက်နက်ကြီးတွေ ထုတ်လုပ်တဲ့ ဌာနချုပ်စခန်းပါ။ နောက်ပြီး လက်နက်ထုတ်လုပ်ရေးပိုင်းက ပစ္စည်းတွေလည်း ဆုံးရှုံးခဲ့တယ်။ ငွေကြေးပိုင်းပမာဏ တွက်ချက်မှုကိုတော့ မခန့်မှန်းတတ်ဘူး။ စစ်တပ်ဆီကနေ ထိုက်တန်တဲ့ သွေးကြွေးပြန်ရအောင် ကျနော်တို့ ကြိုးစားသွားမှာပါ” လို့ DVB ကို ပြောပါတယ်။

မတ် ၅ ရက်က နောက်ဆုံးဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့သလို တိုက်ပွဲဖြစ်ပွားနေချိန်မှာလည်း စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်သွားခဲ့ပြီး MBT ရဲဘော်တချို့ကတော့ မစိုးရိမ်ရတဲ့ ဒဏ်ရာတွေ ရရှိခဲ့ကြတယ်လို့လည်း သူက ဆက်ပြောပါတယ်။

မတ် ၂ ရက်ကစပြီး မြေစွန်းကျေးရွာမှာ ရဟန်းတပါးနဲ့ ပြည်သူ ၁၀ ယောက်ကျော်ကို သတ်ဖြတ်သွားပြီး လူနေအိမ်ခြေ ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခဲ့တဲ့ အဲဒီ စစ်ကောင်စီစစ်ကြောင်းဟာ မတ် ၅ ရက် မနက်ပိုင်းမှာတော့ မြေစွန်းကျေးရွာကနေ ဇရပ်နီကျေးရွာကို ဆက်လက်စစ်ကြောင်းထိုး ဝင်ရောက်လာကြပြီး လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေကြကာ အဲဒီနေ့မနက် ၈ နာရီဝန်းကျင်မှာလည်း ရွှေလှန်ကျေးရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် လူနေအိမ်တွေ ပျက်စီးခဲ့သေးတယ်လို့လည်း ရေစကြိုအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

ရေစကြိုနဲ့ မြောင်မြို့နယ်တွေမှာ အခြေစိုက်တဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်တွေဟာ အဆိုပါ စစ်ကောင်စီစစ်ကြောင်းကို ဖေဖော်ဝါရီ ၂၆ ရက်က ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ယောက် သေဆုံးသလို သေနတ် ၄ လက်နဲ့အတူ ၆ ယောက်ကိုလည်း အရှင်ဖမ်းဆီးရမိခဲ့ ပါတယ်။

ဖေဖော်ဝါရီ ၂၇ ရက်ကလည်း အဆိုပါစစ်ကြောင်းမှာ ပါဝင်ခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်သားကျော်ထွေးကို ရေစကြိုနယ်ထဲက အမှတ် ၃ သောင်ခုံပေါ်မှာ လက်နက်ခဲယမ်းတွေနဲ့အတူ ရေစကြို ပကဖ ရဲဘော်တွေက အရှင်ဖမ်းဆီးရမိခဲ့ပါတယ်။

မကွေးတိုင်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တခုရဲ့ တာဝန်ခံတယောက်က “PDF တပ်ရင်းတပ်ဖွဲ့တွေတိုင်းမှာ လက်နက်ကတော့ ပြည့်စုံပြီလို့ ဆိုလို့ရတယ်။ အခုလောလောဆယ် အခက်အခဲဖြစ်နေတာက ခဲယမ်းမလုံလောက်တဲ့ ပြဿနာဗျ။ တိုက်ပွဲတခုမှာ အသက်တွေ ရင်းရတာလေ။ တိုက်ပွဲဖြစ်ရင် ကျည်ဘယ်လောက်သုံးရမယ် ဆိုတာက သတ်မှတ်လို့ မရဘူးလေဗျာ။ MOD ဘက်ကလည်း လက်အောက်ခံတပ်ရင်းတပ်ဖွဲ့တွေကို ကျည်လောက်လောက်ငင ချမပေးနိုင်သေးဘူး။ တပ်ဖွဲ့ဘက်ကလည်း အလှူခံပြီး ကိုယ်တိုင်ဝယ်ကြတာလည်း ရှိတာပေါ့။ ဒါပေမဲ့လည်း တော်လှန်ရေးကြီး ကာလကြာလာတော့ ရတဲ့အလှူငွေနဲ့က မလုံလောက်ကြဘူးလေ။ အဲဒီလိုတွေဖြစ်နေတော့ မဆုံးရှုံးသင့်တာတွေ ဆုံးရှုံးရတာပေါ့” လို့ PDF တပ်ရင်းတပ်ဖွဲ့တွေရဲ့ လက်ရှိ မြေပြင်အခက်အခဲကို ပြောပါတယ်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းဟာ ရေစကြိုနဲ့ မြောင်မြို့နယ်အစပ်တွေက ကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့အတွက် ရေစကြိုနယ်မြို့နယ်ထဲက မြေစွန်း၊ မာလကာခြံ၊ ရွှေလှန်၊ ဆင်ခြေယာ၊ ရွာသစ်၊ သာခေါင်ကြီး၊ သာခေါင်လေး၊ ဇရပ်နီ ကျေးရွာတွေအပြင် မြောင်မြို့နယ်ထဲက မြစ်သာ၊ ဆင်လှောင်၊ သုခဒီပ၊ နနွင်းကိုင်း၊ ဆူးလေးကုန်း၊ မြစ်ဆုံ၊ ငါးရံ့အို၊ မင်းလှ ကျေးရွာတွေက ဒေသခံပြည်သူ သောင်းနဲ့ချီပြီး ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့လည်း ရေစကြိုမြို့နယ် သတင်းအချက်အလက် ကော်မတီဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013