DVB Logo
Home
မြန်မာသတင်း
တန့်ဆည် နေအိမ်များကို စစ်တပ်က မီးရှို့၊ မီးရှို့ခံခဲ့ရသည့် ရေစကြိုက နေအိမ်များကို ဆန်အိတ်များ လှူဒါန်း
DVB
·
October 25, 2023
တန့်ဆည် နေအိမ်များကို စစ်တပ်က မီးရှို့၊ မီးရှို့ခံခဲ့ရသည့် ရေစကြိုက နေအိမ်များကို ဆန်အိတ်များ လှူဒါန်း
1 / 5
Donate to DVB

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ဗိုလ်ချုပ်ကြေးရုပ်အနီးက ပြည်သူတွေရဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်က အောက်တိုဘာ ၂၅ ရက် မနက် ၈ နာရီလောက်မှာ မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါမီးရှို့နေတဲ့စစ်တပ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ကန့်ဘလူမြို့နယ်၊ ကာဘိုးဘက်ကနေ တန့်ဆည်မြို့ကို စစ်သားနဲ့ ပျူစောထီး အင်အား ၁၅၀ နီးပါးနဲ့ စစ်ကြောင်းထိုးလာတာလို့ ဆိုပါတယ်။

“မီးရှို့တာက မိုးမြင့်စံ တည်းခိုခန်းနဲ့ ရေဆေးဆီလိုက်ဖွင့်ထားတဲ့ အဆောက်အဦကို စရှို့နေတယ်။ နောက်ပြီး ပြည်သူ‌နေအိမ် ၂ လုံးကိုလည်း  မီးရှို့နေတာပါ။ ဘာလို့ အခုလိုမီးရှို့တာလဲဆိုတော့ ပြည်သူကာကွယ်ရေးအဖွဲ့နဲ့ အဆက်သွယ်ရှိတယ်၊ ထောက်ပံ့တယ်ဆိုတဲ့ တဖက်သတ် စွပ်စွဲချက်နဲ့ ရှို့နေတာ” လို့ တန့်ဆည်ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီက မီးရှို့တာကြောင့် လက်ရှိမှာ မိုးမြင့်စံ တည်းခိုခန်းအဆောက်ဦနဲ့ ရေးဆေးဆီလိုက် အပါအဝင် ပြည်သူနေအိမ် ၃ လုံး မီးလောင်ဆုံးရှုံးသွားပြီး ပြည်သူအချို့လည်း ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။

“သူတို့က NLD ပါတီထောက်ခံတဲ့သူတွေ အိမ်တွေပဲ ရှို့နေတာ။ ပိုစိုးတာက သူတို့မီးရှို့လို့ အပြင်ထွက်ကြည့်တဲ့သူ ၇ ဦးကျော်ကိုလည်း ဖမ်းထားတယ်။ သူတို့ အခုရှို့နေတာက တောတဲတွေ မဟုတ်ဘူးဗျ၊ တန့်ဆည်မြို့ပေါ် ရှို့နေတာ။ သူတို့ ရှို့တဲ့မီးက သူတို့လောင်စေချင်တဲ့ အိမ်တလုံးတည်း လောင်မှာ မဟုတ်ဘူးလေ၊ တရပ်ကွက်လုံး လောင်မှာဆိုတာ မသိတာလားဗျ။ သူတို့မီးရှို့လို့ လမ်းပေါ်မတက်နဲ့ဆိုတော့ ကျနော်တို့က မီးလောင်လည်း ကိုယ့်အိမ်ထဲမှာတင် မီးလောင်ခံရတော့မှာလား” လို့ တန့်ဆည်မြို့ခံတဦးက ပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီက မီးရှို့လို့ ပြည်သူထောင်နဲ့ချီ မီးဘေးသင့်ခံနေရပြီး နေထိုင်စားသောက်ရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသမှာ အောက်တိုဘာ ဒုတိယပတ်အတွင်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တဲ့ ကျေးရွာ ၇ ရွာက နေအိမ် ၃၄ လုံးအတွက် ဆန် ၃၄ အိတ်နဲ့ အဝတ်အစား ၁ အိတ်တို့ကို အောက်တိုဘာ ၂၂ ရက်က သွားရောက်ကူညီ ထောက်ပံ့ လှူဒါန်းခဲ့တယ်လို့ Myingyan Black Tiger (MBT) တပ်ဖွဲ့က ပြောပါတယ်။

Myingyan Black Tiger (MBT) မှ ဗိုလ်မိုက်ခဲက “ကျေးရွာ ၇ ရွာကို သွားရောက်ကူညီ ထောက်ပံ့ လှူဒါန်းခဲ့ကြတာပါ။ အောက်တိုဘာလ ၂၂ ရက်နေ့ ၁၀ နာရီလောက်ကပါ။ စကစ စစ်ကြောင်းရဲ့ မီးရှို့ ဖျက်ဆီးခံခဲ့ရတဲ့ ​နေအိမ်တွေဖြစ်ကြတဲ့ ကူနီရွာက နေအိမ် ၇ လုံး၊ ကျွန်းကလေးရွာက ၂ လုံး၊ လှေခုတ်ရွာက ၄ လုံး၊ ကျွန်းညိုရွာက ၃ လုံး၊ နွယ်နီရွာက ၂ လုံး၊ နံဘေးရွာက ၃ လုံးနဲ့ မြောက်ရွာက ၁၃ လုံးပါ” လို့ ပြောပါတယ်။ 

ပြည်သူလူထုရဲ့ ထောက်ပံ့ငွေနဲ့ မျှဝေ ကူညီလှူဒါန်းနိုင်ဖို့ အဓိက ကူညီပေးတဲ့ Frontline Voice နဲ့ ပြည်သူတဦးချင်းကိုလည်း MBT အဖွဲ့က ကျေးဇူးတင်ရှိတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013