Home
မြန်မာသတင်း
မြိုင်နှင့် ရေစကြိုတွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ
DVB
·
July 20, 2023

မကွေးတိုင်း ရေစကြိုမြို့နယ်မှာ ဇူလိုင် ၁၉ ရက်နေ့မနက်က စစ်ကောင်စီတပ်သားတွေ စီးနင်းတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူ များပြားခဲ့တယ်လို့ မြင်းခြံကျားနက်တပ်ဖွဲ့ MBT ကနေ သိရပါတယ်။

MBT တပ်ဖွဲ့ရဲ့ အမှတ် (၅) စစ်ဆင်ရေးနယ်မြေဖြစ်တဲ့ ရေစကြိုမြို့နယ် ဟသ်ာ(ရွာမ)ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို ဇူလိုင် ၁၉ ရက်နေ့ မနက် ၅ နာရီလောက်မှာ အာဇာနည်နေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံ Black Tiger တပ်ဖွဲ့ရဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ဒီဗွီဘီကို ပြောပါတယ်။

နှစ်ဘက်အပြန်အလှန်ထိတွေ့တိုက်ပွဲ နာရီဝက်လောက်ဖြစ်ပွားခဲ့ပြီး RPG 7 ပြောင်းကွဲသွားလို့ စခန်းမသိမ်းနိုင်ခဲ့ဘဲ ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ သူတို့တပ်စွဲထားတဲ့ အဆောက်ဦတခု ပြိုကျပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်သား အများအပြား သေဆုံးဒဏ်ရာရရှိတာကို မျက်မြငတွေ့ခဲ့ရပေမယ့် အရေအတွက် အတိအကျမသိရသေးလို့ ပြောပါတယ်။

ရေစကြိုမြို့နယ်မှာ ဇူလိုင် ၁ ရက်နေ့ ညနေကလည်း စစ်ကောင်စီတပ်သားတွေတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူများပြားနိုင်တယ်လို့ မြင်းခြံကျားနက်တပ်ဖွဲ့-MBT ကနေ သိရပါတယ်။

မကွေးတိုင်း မြိုင်မြို့နယ်မှာ ဇူလိုင် ၁၉ ရက်နေ့က စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူရှိနိုင်တယ်လို့ မြိုင် ပကဖ ကနေသိရပါတယ်။

မြိုင်မြို့နယ် ဝက်ပုတ်ပျူစောထီးစခန်းက စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေကို ဇူလိုင် ၁၉ ရက်နေ့ မနက် ၉ နာရီလောက်မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ကြီးနဲ့ အချက် ၅၀ လောက် ၁ နာရီလောက်ကြာအောင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြတယ်လို့ မြိုင်ပကဖ တပ်ရင်း ၁ တပ်ရင်းမှူး ဗိုလ်လက်ယာက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ သူတို့ရဲ့ ဘန်ကာနားကို လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲခဲ့ ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ များပြားနိုင်တယ်လို့ ဆိုပါတယ်။

ဒါအပြင် တွင်းမပျူစောထီးစခန်းကိုလည်း မွန်းလွဲ ၁ နာရီလောက်မှာ မောင်းသူမဲ့ လေယာဥ်ငယ်နဲ့ အီနာဂါဗုံးသီး အလုံး ၂၀ လောက်ဖြုတ်ချတိုက်ခိုက်ခဲ့လို့ သူတို့နေတဲ့ အဆောင်တွေထိခိုက်ပျက်စီးသွားပြီး စစ်ကောင်စီဘက်က ၃ ယောက်ဒက်ရာရရှိခဲ့ပြီး ပျူစောထီးခေါင်းဆောင် ကျော်ကျော်လှရဲ့ နေအိမ်ကိုလည်း အီနာဂါဗုံးသီး ၄ လုံးဖြုတ်ချတိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေ အထိုင်ချတပ်စွဲထားတဲ့ ကန်နီပျူစောထီးကျေးရွာကိုလည်း မနက် ၁၀ နာရီခွဲလောက်က အာဇာနည်နေ့ အထိမ်းမှတ်အဖြစ် ဒရုန်းနဲ့ အီနာဂါဗုံးသီး ၂ လုံး၊မောင်းသူမဲ့လေယာဥ်ငယ်နဲ့ မီးလောင်ဗုံး ၇ လုံးဖြုတ်ချတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ မသိရသေးဘူးလို့ဆိုပါတယ်။

မြိုင်မြို့မြောက်ဘက် စစ်ဆေးရေးဂိတ်ကိုလည်း ဇူလိုင် ၁၈ ရက်နေ့မှာ အီနာဂါ ဗုံးသီးတွေနဲ့တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၂ ယောက် အပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင်ပကဖကနေ သိရပါတယ်။

တိုက်ခိုက်မှုတွေအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေအနေကို သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးသလို ဒီဗွိဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024