
ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ သာလီကာကျေးရွာအုပ်စုက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ကိုမြင့်ဦးကို ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ တပ်ခွဲ ၅ ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့က မတ် ၆ ရက် ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
အုပ်ချုပ်ရေးမှူး ကိုမြင့်ဦးဟာ မတ် ၆ ရက် ညနေ ၃ နာရီဝန်းကျင်ခန့်က သူ့ရဲ့လယ်ထဲကို ဖောကားနဲ့ မောင်းလာချိန် တော်လှန်ရေးရဲဘော်တွေက ပစ်ခတ်ခဲ့တာဖြစ်ကြောင်း စစ်ဆင်ရေးမှာ ပါဝင်တဲ့ ရဲဘော်တယောက်က ပြောပါတယ်။
“ကျနော်တို့မြင်တော့ သူက ကားပေါ်ကထွက်ပြေးတာ။ အဲဒါ နောက်ကနေ လိုက်ပစ်တော့ ထိပြီး လဲသွားတယ်။ ဆက်လိုက်သွားပြီး အသေပစ်သတ်ခဲ့တယ်။ သူ့ဆီက ဖုန်းတလုံးနဲ့ ဖောကားတစီး သိမ်းလာတယ်။ သူ့ကို စစ်တပ်က လက်နက်နဲ့ ဗုံးထုတ်ပေးထားတယ်ပြောတယ်။ ခု လယ်ထဲသွားတာ ပါမလာဘူးထင်တယ်၊ ရှာတာမတွေ့ဘူး။”
အုပ်ချုပ်ရေးမှူး ကိုမြင့်ဦးကို ပြည်သူတွေအပေါ် အနိုင်ကျင့် ဗိုလ်မကျဖို့နဲ့ စစ်ကောင်စီအတွက် အလုပ်ဆက်မလုပ်ပေးဘဲ အုပ်ချုပ်ရေးမှူးအဖြစ်က နုတ်ထွက်ဖို့ အကြိမ်ကြိမ် သတိပေးခဲ့ပေမဲ့ မလိုက်နာတဲ့အတွက် အခုလို အရေးယူဆောင်ရွက်ရတာဖြစ်ကြောင်း တပ်ခွဲ ၅ ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့မှ တပ်ဖွဲ့မှူး ဗိုလ်မိုးကြိုးလေးက ပြောပါတယ်။
“သတိပေးလို့ နုတ်ထွက်သွားတဲ့ အုပ်ချုပ်ရေးမှူးတွေ ရှိတယ်။ သူက နုတ်မထွက်ဘဲ ပြည်သူတွေကို စစ်မှုထမ်းကြေးတွေ ကောက်တာတွေ၊ လူငယ်တွေကို ပေါ်တာဆွဲတာတွေ၊ တော်လှန်ရေးရဲဘော်တွေ သတင်း စုံစမ်းတာတွေ လုပ်နေတာ။ သူ မပါတဲ့နေရာ မရှိသလောက်ဘဲ။ အဲဒါကြောင့် ကျနော်တို့ ပစ်ခတ်အရေးယူခဲ့တာ၊ နောက် အုပ်ချုပ်ရေးမှူးတွေ လည်း အမြန်ဆုံးနုတ်ထွက်ဖို့ သတိပေးပါရစေ။”
သာယာဝတီခရိုင်အတွင်းက မြို့နယ်တွေမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက တော်လှန်ရေးရဲဘော်တွေ ပစ်ခတ်လို့ သေဆုံးသွားတဲ့ အုပ်ချုပ်ရေးမှူး ၁၀ ယောက်ထက်မနည်း ရှိပါတယ်။
စစ်ကောင်စီ ပဲခူးတိုင်း စစ်မှုထမ်းခေါ်ဆောင်ရေးအဖွဲ့ကလည်း ဖေဖော်ဝါရီလက သာယာဝတီခရိုင် အတွင်းက မြို့နယ်တွေမှာ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေကို ခေါ်ယူပြီး ငွေကြေး မစုဆောင်းဘဲ စစ်မှုထမ်းဖို့အတွက် တပ်သားသစ်စုဆောင်းပေးဖို့ ဖိအားပေး မှာကြားခဲ့ကြောင်း အုပ်ချုပ်ရေးမှူးတွေထံက သိရပါတယ်။










