
ပနားမားတူးမြောင်းကို အမေရိကန်က ပြန်သိမ်းနေပြီလို့ ပြောတဲ့အချိန်မှာ သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ လိမ်ညာနေတာဖြစ်တယ်လို့ ပနားမားသမ္မတ ဟိုဆေး ရာအူးလ်မူလီနိုက တုံ့ပြန် ပြောလိုက်ပါတယ်။
“ထပ်ပြီးတော့ သမ္မတ ထရမ့်ပ်က လိမ်ပြန်ပါပြီ။ ပနားမားတူးမြောင်းကို ပြန်သိမ်းတဲ့ လုပ်ငန်းစဉ်ဆိုတာ မရှိပါဘူး။ နိုင်ငံခြားရေးဝန်ကြီး ရူဘီအိုနဲ့ရော တခြားသူတွေနဲ့ပါ ဒီကိစ္စကို ဆွေးနွေးခဲ့တာ မရှိပါဘူး” လို့ မူလီနိုက ပြောကြားခဲ့ပါတယ်။
ပနားမားတူးမြောင်းမှာရှိတဲ့ ဆိပ်ကမ်းတွေ အပါအဝင် ဟောင်ကောင်လုပ်ငန်းစုကြီး CK Hutchison ရဲ့ ဆိပ်ကမ်းလုပ်ငန်း ဒေါ်လာ ၂၂ ဒသမ ၈ ဘီလီယံထဲက အများစုကို အမေရိကန်ကုမ္ပဏီ BlackRock က ဝယ်ယူမယ်လို့ ကြေညာလိုက်ပါတယ်။
ဒီသဘောတူညီချက် ထွက်လာအပြီးမှာ ထရမ့်ပ်က ကွန်ဂရက်လွှတ်တော်ကို ပြောခဲ့တဲ့မိန့်ခွန်းမှာ ပနားမားတူးမြောင်းကို ပြန်သိမ်းနေပြီလို့ ပြောခဲ့တာဖြစ်ပါတယ်။
ဒီသဘောတူညီချက်ကြောင့် ပနားမားတူးမြောင်းက အဓိကဆိပ်ကမ်းတွေကို အမေရိကန် ကုမ္ပဏီက ထိန်းချုပ်ခွင့်ရသွားမှာဖြစ်ပြီး ထရမ့်ပ်အစိုးရ တောင်းဆိုတဲ့အတိုင်း တရုတ်ပိုင်ဆိုင်မှု ဖယ်ရှားလိုက်နိုင်တာလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ တူးမြောင်းကို ပြန်သိမ်းတယ်ဆိုတဲ့ စကားကို ပနားမားသမ္မတက မကျေမနပ် ဖြစ်ခဲ့တာဖြစ်ပြီး ပနားမားတူးမြောင်းဟာ ပနားမားပြည်သူတွေ လက်ထဲမှာပဲ ရှိရမယ်လို့ တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်က ပနားမားတူးမြောင်းကို အသုံးပြုခဲ့တဲ့ သင်္ဘော ၁၂,၀၀၀ လောက်ရှိပြီး နိုင်ငံပေါင်း ၁၇၀ က ဆိပ်ကမ်းပေါင်း ၁,၉၂၀ ကို ချိတ်ဆက်ပေးထားတာ ဖြစ်ပါတယ်။
ဒီဆိပ်ကမ်းဟာ အမေရိကန်ကလာတဲ့ ဒါမှမဟုတ် အမေရိကန်ကိုဝင်တဲ့ ရေယာဉ် လေးပုံသုံးပုံကျော် ဖြတ်သန်းရတဲ့အတွက် မဟာဗျူဟာကျတဲ့နေရာ ဖြစ်ပါတယ်။
Source : Reuters










