
မဲခေါင်မြစ်အပေါ်မှာ တရုတ်အကူအညီနဲ့ ကမ္ဘောဒီယားနိုင်ငံက ဖောက်လုပ်ဖို့ စီစဉ်ထားတဲ့ တူးမြောင်းစီမံကိန်း ဆက်လက်လုပ်ဆောင်ဖို့ ၂ နိုင်ငံ လက်မှတ်ထိုးလိုက်ချိန်မှာ ဒေသတွင်း စိုးရိမ်မှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။
ဗီယက်နမ်နိုင်ငံရဲ့ မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသ စပါးစိုက် ရေလွှမ်းလွင်ပြင်တွေကနေ ရေလမ်းကြောင်း ပြောင်းသွားစေနိုင်တယ်လို့ သုံးသပ်ထားကြပါတယ်။
အရှေ့တောင်အာရှရဲ့ အသက်သွေးကြောမြစ်ပေါ်မှာ ဒီလို တည်ဆောက်မှုရဲ့ ဖြစ်နိုင်ခြေ သက်ရောက်မှုဆိုင်ရာ လေ့လာချက်တွေကို ကမ္ဘောဒီးယား အနေနဲ့ မျှဝေသင့်တယ်လို့လည်း မဲခေါင်မြစ်ကော်မရှင် (MRC) က သတိပေးလိုက်ပါတယ်။
MRC မှာ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ်တို့ အဖွဲ့ဝင်အဖြစ် ပါဝင်ပြီး တရုတ်နဲ့ မြန်မာကတော့ ဆွေးနွေးဖက်တွေအဖြစ် ပါဝင်ပါတယ်။
ဖူနန်း တက္ကနို (Funan Techo) တူးမြောင်းကြီးကို ဆက်လက်အကောင်အထည်ဖော်ဖို့ လအတန်ကြာ မရေမရာ ဖြစ်နေခဲ့တာပါ။
ဒါပေမဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ အရှေ့တောင်အာရှခရီးစဉ်အတွင်း ကမ္ဘောဒီးယားကို ဝင်ရောက်ချိန် ပြီးခဲ့တဲ့အပတ်က သဘောတူညီချက် လက်မှတ်ထိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒါဟာ ဒီစီမံကိန်းနဲ့ပတ်သက်ပြီး တရုတ်ဘက်က ပထမဆုံးအကြိမ် လူသိရှင်ကြား ကတိပြုတာလည်း ဖြစ်ပါတယ်။
ဒီစီမံကိန်းမှာ တရုတ်အစိုးရပိုင် ဆောက်လုပ်ရေးလုပ်ငန်းကြီးဖြစ်တဲ့ China Communications Construction Company (CCCC) က ရှယ်ယာ ၄၉ ရာခိုင်နှုန်း ပါဝင်ပါတယ်။
မဲခေါင်မြစ်ကော်မရှင် အတွင်းရေးမှူးချုပ်ရုံးကတော့ ဒီစီမံကိန်းနဲ့ပတ်သက်ပြီး ကမ္ဘောဒီးယားဆီက အခြေခံအချက်အလက်ပဲ ရထားတယ်လို့ ထုတ်ပြန်ပါတယ်။
မဲခေါင်မြစ်ဝှမ်းတခုလုံးအတွက် ကျယ်ကျယ်ပြန့်ပြန့် ဂယက်ရိုက်လာနိုင်ခြေကို အပြည့်အဝ စဉ်းစားဖို့ လိုတယ်လို့ ကော်မရှင်က ကြေညာချက် ထုတ်ပြန်ပါတယ်။
ကီလိုမီတာ ၄,၉၀၀ (၃,၀၄၅ မိုင်) ရှည်လျားပြီး မြစ်လက်တက်များစွာရှိတဲ့ မဲခေါင်မြစ်ဟာ တိဘက်ကုန်းမြေမြင့်ကနေ မြစ်ဖျားခံပြီးတော့ တရုတ်၊ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်ကို ဖြတ်ပြီး ပင်လယ်ထဲကို စီးဝင်တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့အပတ်က လက်မှတ်ထိုးထားတဲ့ သဘောတူညီချက်အရ ဒီတူးမြောင်းအတွက် ဒေါ်လာ ၁ ဒသမ ၁၆ ဘီလီယံ ကုန်ကျပြီး ၁၅၁ ဒသမ ၆ ကီလိုမီ (၉၄ မိုင်ကျော်) ရှည်လျားမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ ကမ္ဘောဒီးယားအစိုးရရဲ့ တူးမြောင်းနဲ့ပတ်သက်တဲ့ တရားဝင်ဝက်ဘ်ဆိုက်မှာတော့ တူးမြောင်းဟာ ကီလိုမိတာ ၁၈၀ ရှည်ပြီးတော့ ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံ ကုန်ကျမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ကမ္ဘောဒီးယားဘက်က သီးသန့်ထပ်ဆောက်မယ့် အပိုင်းတွေ ပါဝင်လို့ ဒီလိုကွာဟာချက် ရှိနေတာ ဖြစ်ပါတယ်။
Source : Reuters