DVB Logo
Home
နိုင်ငံတကာ
ထိုင်းတွင် ကွန်ဒိုတိုက်ခန်းဝယ်ပြီး တည်းခိုခန်းအဖြစ် ပြန်ငှားစားသည့် တရုတ်များ အရေးယူခံရ 
DVB
·
March 6, 2025
ထိုင်းတွင် ကွန်ဒိုတိုက်ခန်းဝယ်ပြီး တည်းခိုခန်းအဖြစ် ပြန်ငှားစားသည့် တရုတ်များ အရေးယူခံရ 
Donate to DVB

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ကွန်ဒိုတိုက်ခန်းတွေဝယ်ပြီး တည်းခိုခန်းအဖြစ် ထပ်ဆင့် ပြန်လည်ငှားစားတဲ့ တရုတ်နိုင်ငံသားတွေ စစ်ဆေးအ‌ရေးယူခံရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

တရုတ်နိုင်ငံသားတချို့ဟာ အိမ်အဖြစ်နေထိုင်ဖို့ ဝယ်ယူ / ငှားရမ်းထားတဲ့ ကွန်ဒိုတိုက်ခန်းတွေကို ဟိုတယ် မိုတယ်ခန်း အသွင်ပြောင်းပြီး တရုတ်ခရီးသွားဧည့်သည်အချင်းချင်း ပြန်လည်ငှားရမ်းမှုတွေ ရှိနေတာဟာ ဥပဒေနဲ့ မညီညွတ်တဲ့အပြင် ဧည့်သည်တချို့ဟာ စည်းကမ်းမဲ့တာ၊ ပတ်ဝန်းကျင်ကို အနှောင့်အယှက် ပြုတာတွေကြောင့် မတ် ၅ ရက် မနက်က သွားရောက်စစ်ဆေးဖမ်းဆီးခဲ့တာလို့   ခရိုင်အုပ်ချုပ်ရေးရုံး ညွှန်ကြားရေးမှူးချုပ်၊ ဟိုတယ်များမှတ်ပုံတင်ခြင်းနှင့် ဝန်ဆောင်မှုဥပဒေဌာနခွဲ ညွှန်ကြားရေးမှူး နိုင်းချိုင်းဝပ် ကျွန်းထီရဖုန်းက သတင်းထောက်တွေကို ပြောပါတယ်။

ဘန်ကောက် ဆုခိုဝစ်နယ်မြေရှိ တရုတ်နိုင်ငံသားတွေ လာရောက်ငှားရမ်းနေထိုင်တဲ့ ကွန်ဒိုတိုက်ထဲမှာ တရုတ်ခရီးသွားဧည့်သည် အမြောက်အမြား လာရောက်တည်းခို ဝင်ထွက်သွားလာနေကြတယ်၊ အများသုံး ဓာတ်လှေကားကို အလွန်အကျွံသုံးကြတာကြောင့် ပျက်စီးပြီး မကြာခဏ ပြုပြင်ရတယ်၊ အပေါ်ထပ် ဝရန်တာပေါ်ကနေ စီးကရက်သောက်ပြီး စီးကရက်ပြာကို စည်းမဲ့ကမ်းမဲ့ ခြွေချတာကြောင့် မီးပွားတွေဟာ အောက်ထပ်ကို လွင့်ကျလာတယ်၊ ဆူညံအသံတွေပြုတယ် ဆိုပြီး ကွန်ဒိုတိုက်ခန်းပိုင်ရှင်နဲ့ အခန်းနားနီးချင်း စုစုပေါင်း ၅ ယောက်က အထွေထွေအုပ်ချုပ်ရေးဌာန ပြည်သူ့ဟစ်တိုင်ဌာနမှာ မတ် ၃ ရက်က လာရောက်တိုင်တန်းကြတယ်လို့ ဆိုပါတယ်။

ဒီကိစ္စ ထိုင်းဒုဝန်ကြီးချုပ်နဲ့ ပြည်ထဲရေးဝန်ကြီး နိုင်းအနုထင်း ချန်းဝီရကွန်းထံ ပေါက်ကြားသွားပြီး သက်ဆိုင်ရာက စစ်ဆေးအရေးယူဖို့ ညွှန်ကြားခဲ့တာကြောင့် တာဝန်ရှိဝန်ထမ်းက အခန်းငှားလိုတဲ့ ခရီးသည်အသွင်ယူပြီး သွားရောက်စုံစမ်းခဲ့ပါတယ်။

မတ် ၁၄ ရက်မှာ အဆိုပါဝန်ထမ်းက အခန်း ၂ ခန်း သွားယူပြီး ဝင်ရောက်တည်းခိုတာမှာ အမှန်တကယ် ဟိုတယ်လို အခန်းဖွဲ့ပြီး ပြန်ငှားစားနေတယ်၊ ကျသင့်ငွေမှာ တခန်းကို တညစာ ၈၂ ဒသမ ၄၀ ဒေါ်လာ ကျသင့်တယ်၊ မတ် ၅ ရက် မနက် ၂ နာရီမှာ အုပ်ချုပ်ရေး၊ နယ်မြေခံရဲ၊ လဝကရဲ၊ ဟိုတယ်လုပ်ငန်းဌာန တာဝန်ရှိသူတွေပါတဲ့ ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေး အရေးယူခဲ့တာလို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး Airbnb (Air + bed + breakfast) အမည်နဲ့ ဝက်ဘ်ဆိုက်ဖွင့်ပြီး ဟိုတယ်ခန်းကြော်ငြာသူ တရုတ်အမျိုးသား ယိုချိနဲ့ အပေါင်းပါ ၂ ယောက်တို့ကို ဖမ်းဆီးလိုက်ပါတယ်။

ဒီလို တရားမဝင် အခန်းပြန်ငှားစားတာဟာ ဟိုတယ်များဆိုင်ရာ ပြဋ္ဌာန်းချက်ဥပ‌ဒေ ချိုးဖောက်ရာ ကျတယ်၊ လာတည်းခိုတဲ့ နိုင်ငံခြားသားတွေဟာ လဝကရုံးမှာ ဧည့်စာရင်းတိုင်ကြားခြင်း မရှိတာကြောင့် နိုင်ငံတော်လုံခြုံရေးဥပဒေကိုပါ ချိုးဖောက်တယ်၊ နိုင်ငံခြားသားတယောက်ဟာ ထိုင်းမှာ မှီတင်းနေထိုင်ရန်အလို့ငှာ ကွန်ဒို ဝယ်ယူ / ငှားရမ်းနေထိုင်ခွင့် ရှိပေမဲ့ အခန်းဖွဲ့ပြီး ဟိုတယ်အသွင် ပြန်လည်ငှားရမ်းခွင့်မရှိ၊ ဟိုတယ် မိုတယ်ဆိုင်ရာ ဥပဒေအရ တနှစ်ထက်မပိုတဲ့ ထောင်ဒဏ်  ဒါမှမဟုတ် ဘတ် ၂၀,၀၀၀ ထက်မပိုတဲ့ ငွေဒဏ် ဒါမှမဟုတ် ထောင်ဒဏ်ရော ငွေဒဏ်ပါ နှစ်မျိုးလုံးကျခံရမယ်၊ ပြစ်မှု ထပ်မံကျူးလွန်က တနေ့ကို ဘတ် ၁၀,၀၀၀ ပေးဆောင်ရမယ်လို့ ဆိုပါတယ်။

ထိုင်းတာဝန်ရှိသူတွေဟာ မတ် ၅ ရက် တနေ့တည်းမှာပဲ ဘန်ကောက် ဟွေ့ခဝမ်နဲ့ ဆူထိဆန်နယ်မြေရှိ ကွန်ဒိုတိုက်ခန်းနဲ့ ဟိုတယ်တွေ သွားရောက်စစ်ဆေးခဲ့ပြီး ဥပဒေနဲ့ မညီညွတ်တဲ့၊ နိုင်ငံခြားသားတွေ ပြန်လည်ငှားရမ်းတဲ့ အခန်း ၅၃ ခန်းပါ The Athena ဟိုတယ်၊ အခန်း ၁၂၀ ပါ The Oasis ဟိုတယ်နဲ့ အခန်း ၉၈ ခန်းပါ Channg ဟိုတယ်တို့ကို အရေးယူခဲ့တယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

Source : 3Plus News / matichon.co.th / Bright TV

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013