DVB Logo
Home
နိုင်ငံတကာ
နိုင်ငံခြားအကူအညီ ဒေါ်လာ ၂ ဘီလီယံ ဆိုင်းငံ့ရန် ထရမ့်ပ် လျှောက်ထားမှု တရားရုံးချုပ် ပယ်ချ
DVB
·
March 6, 2025
နိုင်ငံခြားအကူအညီ ဒေါ်လာ ၂ ဘီလီယံ ဆိုင်းငံ့ရန် ထရမ့်ပ် လျှောက်ထားမှု တရားရုံးချုပ် ပယ်ချ
Donate to DVB

ဆောင်ရွက်ပြီးသား လုပ်ငန်းတွေအတွက် နိုင်ငံခြားအကူအညီပေးရေး အဖွဲ့အစည်းတွေကို ပေးချေရမယ့် ဒေါ်လာ ၂ ဘီလီယံကို ထုတ်မပေးဘဲ ဆိုင်းငံ့ထားဖို့ ထရမ့်ပ်အစိုးရရဲ့ တောင်းဆိုချက်ကို တရားရုံးချုပ်က ပယ်ချလိုက်ပါတယ်။

အမေရိကန် အပြည်ပြည်ဆိုင်ရာ အကူအညီပေးရေးအေဂျင်စီ (USAID) နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကန်ထရိုက်တာတွေ၊ ထောက်ပံ့ကြေး (ဂရန့်) ရသူတွေကို ပေးချေရမယ့် ရန်ပုံငွေတွေကို ထုတ်ပေးဖို့ အောက်ရုံး ဆုံးဖြတ်ချက်အတိုင်း တရားရုံးချုပ်က မတ် ၅ ရက်မှာ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

သမ္မတထရမ့်ပ် အာဏာရလာကတည်းက အကူအညီပေးရေး ပရိုဂရမ် အများအပြားကို ဖြတ်တောက်ပစ်ခဲ့ပြီး USAID ဝန်ထမ်းအများစုကိုလည်း ခွင့်ပေးထားတာ ဒါမှမဟုတ် ထုတ်ပယ်ပစ်တာတွေ လုပ်ခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၆ ရက် သန်းခေါင်ယံ နောက်ဆုံးထားပြီး လုပ်ဆောင်ပြီးစီးပြီးသား လုပ်ငန်းတွေအတွက် ကန်ထရိုက်တာတွေကို ပေးချေဖို့ USAID နဲ့ နိုင်ငံခြားရေးဌာနကို ခရိုင်တရားသူကြီး အမီရာ အလီက အမိန့်ချခဲ့ပါတယ်။

ဒါပေမဲ့ နောက်ဆုံးရက် မရောက်မီမှာ ထရမ့်ပ်အစိုးရက အချိန်တိုတွင်းမှာ စနစ်တကျ ရှင်းလင်းပေးဖို့ မဖြစ်နိုင်တာကြောင့် တရားရုံးချုပ်မှာ အရေးပေါ်သက်သာခွင့် တောင်းခံထားပါတယ်။

တရားသူကြီးချုပ် ဂျွန် ရောဘတ်စ်က ယာယီဆိုင်းငံ့ပေးခဲ့ပေမဲ့ သမ္မတရဲ့ တောင်းဆိုချက်ကို တရားသူကြီး ၉ ယောက်စလုံးပါတဲ့ စုံခုံဖွဲ့ပြီးမှ အပြီးသတ်ဆုံးဖြတ်ချက်ချတာ ဖြစ်ပါတယ်။

မတ် ၅ ရက် ဆုံးဖြတ်ချက်မှာ အောက်ရုံးအမိန့်ကို ရပ်ဆိုင်းဖို့ ထရမ့်ပ်အစိုးရရဲ့ တောင်းဆိုချက်ကို ပယ်ချသူ ၅ ယောက်၊ လက်ခံသူ ၄ ယောက် ရှိခဲ့ပါတယ်။ တမဲအသာနဲ့ ထရမ့်ပ်အစိုးရ တောင်းဆိုချက် အပယ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

အောက်ရုံးတရားသူကြီး သတ်မှတ်ထားတဲ့ နောက်ဆုံးပေးရမယ့်ရက်က ကျော်သွားပြီဖြစ်တဲ့အတွက် အမိန််အတိုင်း လိုက်နာနိုင်ဖို့ အောက်ရုံးကပဲ ရှင်းလင်းအောင် ပြန်ညွှန်ကြားဖို့ တရားရုံးချုပ်က ဆုံးဖြတ်ပါတယ်။

ဒီအမှုဟာ ထရမ့်ပ်က နိုင်ငံခြားအကူအညီတွေ ရက် ၉၀ ဆိုင်းငံ့မိန့်ထုတ်ခဲ့တာကို အကူအညီပေးရေးအဖွဲ့နှစ်ဖွဲ့က တရားစွဲဆိုရာကနေ စတင်ခဲ့တာဖြစ်ပါတယ်။

ခရိုင်တရားသူကြီး အလီက အမှုကို သုံးသပ်ချိန်မှာ ဖြတ်တောက်မှုကို ကနဦး ဆိုင်းငံ့ပေးခဲ့ပြီး နောက်ပိုင်းမှာ အစိုးရက လိုက်နာဖို့ ပျက်ကွက်တာကြောင့် လုပ်ပြီးတဲ့ အလုပ်တွေအတွက် ပိုက်ဆံပေးဖို့ အမိန့်ထုတ်ခဲ့တာ ဖြစ်ပါတယ်။ ကျန်တဲ့ကိစ္စတွေအတွက်ကတော့ အမှုကို ဆက်လက်ကြားနာနေဆဲ ဖြစ်ပါတယ်။

ကမ္ဘာမှာ လူသားချင်းစာနာမှု အကူအညီအများဆုံးပေးတဲ့ နိုင်ငံဖြစ်တဲ့ အမေရိကန်ဟာ နိုင်ငံပေါင်း ၆၀ ကျော်မှာ ကန်ထရိုက်တာတွေကတဆင့် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013