အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ အိမ်ဖြူတော်မှာ အမေရိကန်ဒေါ်လာ သန်း ၄၀၀ တန် ကပွဲခန်းမ ဆောက်လုပ်ရေးကို ဆက်လုပ်နိုင်တယ်လို့ အမေရိကန်တရားရုံးချုပ်က ဩဂုတ် ၃၁ ရက်မှာ ဆုံးဖြတ်လိုက်ပါတယ်။
တရားသူကြီးတွေက ၅ မဲ၊ ၄ မဲနဲ့ ထရမ့်ပ်အစိုးရရဲ့ အရေးပေါ်တောင်းဆိုချက်ကို လက်ခံပြီး ဆောက်လုပ်ရေးတားထားတဲ့ အောက်တရားရုံးဆုံးဖြတ်ချက်တွေကို ဆိုင်းငံ့လိုက်ပါတယ်။
ဒါပေမဲ့ စီမံကိန်းက တရားဝင်၊ မဝင် ဆိုတာကို တရားရုံးချုပ်က အပြီးသတ်ဆုံးဖြတ်ခဲ့တာ မဟုတ်ပါဘူး။
တရားသူကြီးချုပ် ဂျွန်ရောဘတ်စ်က လစ်ဘရယ်တရားသူကြီး ၃ ယောက်နဲ့အတူ ကန့်ကွက်ခဲ့ပြီး ကွန်ဂရက်လွှတ်တော်ရဲ့ ခွင့်ပြုချက်မရှိတာကြောင့် “ဆောက်လုပ်မှုဟာ တရားမဝင်နိုင်ခြေများတယ်” လို့ ရေးသားခဲ့ပါတယ်။
ဒါပေမဲ့ ၉ ယောက်မှာ ၅ ယောက်က ထောက်ခံခဲ့တာကြောင့် ထရမ့်ပ်ဘက်က အသာရခဲ့တာပါ။
သမိုင်းဝင်အဆောက်အအုံတွေ ထိန်းသိမ်းရေးအဖွဲ့ National Trust for Historic Preservation က သမ္မတမှာ တယောက်တည်း ဆုံးဖြတ်ပြီး စီမံကိန်းဆောင်ရွက်ပိုင်ခွင့် မရှိဘူးလို့ ဆိုပြီး တရားစွဲထားတာပါ။
ထရမ့်ပ်က ကပွဲခန်းမဆောက်ဖို့ အိမ်ဖြူတော်ရဲ့ သမိုင်းဝင် အရှေ့ဆောင် East Wing ကို ပြီးခဲ့တဲ့နှစ် ဆောင်းဦးက ဖြိုချခဲ့ပါတယ်။
စတုရန်းပေ ၉၀,၀၀၀ ကျယ်ဝန်းတဲ့ ကပွဲခန်းမကို နိုဝင်ဘာလမှာ အဓိကဆောက်လုပ်မှု ပြီးစီးဖို့နဲ့ ၂၀၂၈ ခုနှစ် ဩဂုတ်လမှာ အပြီးတည်ဆောက်ဖို့ အိမ်ဖြူတော်က ရည်မှန်းထားပါတယ်။
ဆုံးဖြတ်ချက်အပြီးမှာ ထရမ့်ပ်က တရားစွဲဆိုမှုဟာ “အခြေအမြစ်မရှိဘူး” လို့ ပြောပြီး ဆောက်လုပ်ရေး ဆက်လုပ်ခွင့်ရတဲ့အတွက် ကျေနပ်တယ်လို့ ဆိုပါတယ်။
တရားသူကြီးချုပ် ရောဘတ်စ်ကတော့ “ဒီနေ့ဆုံးဖြတ်ချက်ဟာ အာဏာခွဲဝေကျင့်သုံးမှုအတွက် အောင်ပွဲတစ်ခု မဟုတ်ပါဘူး” လို့ ကန့်ကွက်ရေးသားခဲ့ပါတယ်။
Source: Reuters











