အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က လွတ်လပ်တဲ့ ဖယ်ဒရယ်အေဂျင်စီတွေ၊ ကော်မရှင်တွေရဲ့ အကြီးအကဲတွေကို သဘောဆန္ဒအလျောက် ထုတ်ပယ်နိုင်ခွင့်ကို ဇွန် ၂၉ ရက်မှာ တရားရုံးချုပ်က အတည်ပြုပေးခဲ့ပါတယ်။
ဒီဆုံးဖြတ်ချက်ဟာ လွတ်လပ်တဲ့ အေဂျင်စီအကြီးအကဲတွေကို ကာကွယ်ပေးထားတဲ့ ၁၉၃၅ ခုနှစ်က တရားရုံးချုပ်ရဲ့ စီရင်ထုံးကို ပယ်ဖျက်လိုက်တာဖြစ်ပြီး သမ္မတအာဏာကို အကြီးအကျယ် ချဲ့ထွင်ပေးလိုက်တာပါ။
ဒီစီရင်ထုံးသစ်ကြောင့် နောက်ပိုင်းတက်လာမဲ့ သမ္မတတွေဟာလည်း သဘောထားမတိုက်ဆိုင်တဲ့ အေဂျင်စီ အကြီးအကဲတွေကို အကြောင်းပြချက်မရှိဘဲ ရာထူးကနေ လွယ်လွယ်ကူကူ ဖယ်ရှားခွင့် ရသွားပြီ ဖြစ်ပါတယ်။
ဖက်ဒရယ်ကုန်သွယ်ရေးကော်မရှင် အဖွဲ့ဝင် ရီဘက်ကာဆလော့တားကို မူဝါဒသဘောထားကွဲလွဲမှုနဲ့ ထရမ့်ပ်က အလုပ်ဖြုတ်ခဲ့တာကို တရားရုံးက ၆ မဲ ၃ မဲနဲ့ ထောက်ခံခဲ့ပါတယ်။
ထရမ့်ပ်ကတော့ ဒီဆုံးဖြတ်ချက်ဟာ အမေရိကန်မှာ သမ္မတရဲ့အာဏာကို ပိုမိုခိုင်မာစေလို့ အောင်ပွဲကြီးဖြစ်တယ်လို့ လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
ဒါပေမဲ့ ဗဟိုဘဏ်ဥက္ကဋ္ဌ လီဆာကွတ်ကို ထုတ်ပယ်ဖို့ ထရမ့်ပ်ရဲ့ ဆုံးဖြတ်ချက်ကိုတော့ တရားရုံးချုပ်က ၅ မဲ ၄ မဲနဲ့ ကန့်ကွက်ခဲ့ပါတယ်။
တရားသူကြီးချုပ် ဂျွန်ရောဘတ်စ်က ဗဟိုဘဏ်တာဝန်ရှိသူတွေဟာ ခိုင်လုံတဲ့ အကြောင်းပြချက် ရှိမှသာ ရာထူးက ဖယ်ရှားခံရနိုင်တယ်လို့ ပြောပါတယ်။
လီဆာကွတ်ကို ငွေကြေးလိမ်လည်မှုစွဲချက်နဲ့ ထရမ့်ပ်က ရာထူးချဖို့ ကြိုးစားခဲ့ပေမဲ့ အတိုးနှုန်းလျှော့ချရေး မူဝါဒသဘောထား ကွဲလွဲမှုကြောင့်သာ ဖြစ်တယ်လို့ သူမဘက်က ချေပထားပါတယ်။
မဂ္ဂဇင်းဆောင်းပါးရှင်ဟောင်း အီးဂျင်းကာရိုးကို လိင်ပိုင်းဆိုင်ရာစော်ကားမှုနဲ့ နာမည်ဖျက်မှုအတွက် အမေရိကန်ဒေါ်လာ ၅ သန်း လျော်ကြေးပေးဖို့ အမိန့်ချမှတ်ထားတာကို ပယ်ဖျက်ပေးဖို့ ထရမ့်ပ်ရဲ့ အယူခံလျှောက်ထားမှုကိုတော့ တရားရုံးက လက်မခံခဲ့ပါဘူး။











