Home
မြန်မာသတင်း
လျှပ်စစ်မီးမမှန်သဖြင့် EV ကားများကို သိန်းရာချီအရှုံးခံ ပြန်လည်ရောင်းချနေ
DVB
·
March 6, 2025

ရန်ကုန်မှာ လျှပ်စစ်မီးပုံမှန်မရပဲ အားသွင်းဖို့အခက်ခဲတွေရှိလာတာကြောင့် EV ကားပိုင်ရှင်တွေဟာ မူးရင်းဝယ်ဈေးထက် သိန်းရာချီအရှုံးခံကာပြန်လည်ရောင်းချနေကြတယ်လို့ ကားပွဲစားတွေထံက သိရပါတယ်။

၂၀၂၄ ခုနှစ် နှစ်လည်ပိုင်းလောက်ကစပြီး ရန်ကုန်မှာ လျှပ်စစ်မီးရရှိချိန်ဟာ ပိုမိုနည်းပါးလာတဲ့အတွက် EV ကားပိုင်ရှင်တွေဟာ မီးမလာချိန်မှာအားသွင်းဖို့ မီးစက်ဝယ်ယူရတာ၊ ဓာတ်ဆီဝယ်ယူရတာတွေနဲ့ အပိုကုန်ကျစရိတ်တွေရှိလာသလို မီးလာချိန်မှာလည်း မီးအားနည်းတာတွေရှိနေတာကြောင့် အားသွင်းမရတာမျိုး တွေဖြစ်နေတဲ့အတွက် သိန်းရာချီအရှုံးခံပြီး ပြန်ရောင်းနေရတာလို့ သိရပါတယ်။

အခုတလော EV ကားတွေပြန်ရောင်းချင်လို့ လာအပ်သူတွေ မနည်းဘူး။ ကားလည်းဝယ်ရ၊ မီးစက်လည်းဝယ်ရ၊ ဓာတ်ဆီလည်းဝယ်ရတော့ စိတ်ပျက်လာကြတာ။ လာရောင်းခိုင်းသူတိုင်းက အဲ့ဒီတိုင်းပဲပြောတယ်။ အခုကျနော့်လက်ထဲမှာတင် ရောင်းဖို့ဆိုင်နေတာ ၄ စီးလောက်ရှိတယ်။ ကျပ် သိန်း ၁၀၀၀ အထက်ကားတွေချည်းပဲ။ ပိုင်ရှင်တွေက သိန်း ၇၀၀ လောက်ပြန်ရရင်တော်ပြီဆိုပြီး လာအပ်နေကြတာလို့  ကားပွဲစားတယောက်က ပြောပါတယ်။

ဒီလို EV ကားတွေပြန်လည်ရောင်းချပေးဖို့ ပွဲစားတွေနဲ့ချိတ်ဆက်နေကြပေမဲ့ မီးမမှန်တဲ့ အခြေအနေ တွေကြောင့် ဝယ်လက်နဲ့ ပြန်ချိတ်ပေးနိုင်ဖို့ မလွယ်ကူကြဘူးလို့ ပွဲစားတွေက ပြောပါတယ်။

ဒါ့အပြင် လျှပ်စစ်မီး မီတာခတိုးမြှင့်ကောက်ခံတာနဲ့ အားသွင်းခတိုးမြှင့်ထားတာ၊ အုံနာကြေးတိုးမြှင့် ကောက်ခံတာတွေကြောင့် EV တက္ကဆီမောင်းသူတွေရဲ့ တနေ့တာဝင်ငွေနည်းပါးသွားတယ်လို့ အငှားယာဉ်မောင်းတွေက ပြောပါတယ်။

EV တက္ကဆီယာဉ်မောင်းတယောက်က “ကုမ္ပဏီနဲ့ ချုပ်ထားတဲ့စာချုပ်ပြည့်ရင်တော့ ကားပြောင်းဖို့လုပ်ထားတယ်။ မီတာခတိုးကောက်တော့ ကုမ္ပဏီဘက်က အုံနာကြေး တိုးကောက်တယ်။ အရင်က ကျပ် ၆၀၀၀၀ ဆိုရင် အခု ၇၀၀၀၀ ဆိုတော့ ကိုယ့်အတွက်ကျန်အောင်မနည်းလုပ်နေရတယ်”လို့ ပြောပါတယ်။

လျှပ်စစ်မီးရရှိချိန်နည်းပါးတာနဲ့အမျှ EV ကားတွေအတွက် အဆင်မပြေမှုတွေဖြစ်နေသလို လျှပ်စစ်နဲ့ သက်ဆိုင်တဲ့ လုပ်ငန်းတွေဟာလည်း အပိုငွေကုန်ကျနေရတဲ့အပြင် အသေးစားလုပ်ငန်းတွေဟာလည်း ရပ်ဆိုင်းနေကြရပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ လုပ်ငန်းရှင်တွေကို ဆိုလာစနစ်နဲ့ ဓာတ်အားထုတ်ရေး ဆောင်ရွက်ကြဖို့ ညွှန်ကြားပြီးနောက် သားဖြစ်သူ အောင်ပြည့်စုံက ဆိုလာပြားများစွာ တင်သွင်းနေသလို  သမီးဖြစ်သူ ခင်သီရိ သက်မွန်ကလည်း EV ကားတွေကို တိုးမြှင့် တင်သွင်းနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024