DVB Logo
Home
မြန်မာသတင်း
ရုရှားသမ္မတနှင့် စစ်ခေါင်းဆောင်တွေ့ဆုံမှု မြန်မာကို မြောက်ကိုရီးယားအဖြစ်ဆီ ဦးတည်ဟု ဒေါက်တာဆာဆာ ပြော 
DVB
·
March 6, 2025
ရုရှားသမ္မတနှင့် စစ်ခေါင်းဆောင်တွေ့ဆုံမှု မြန်မာကို မြောက်ကိုရီးယားအဖြစ်ဆီ ဦးတည်ဟု ဒေါက်တာဆာဆာ ပြော 
Donate to DVB

ရုရှားသမ္မတနဲ့ မြန်မာစစ်ခေါင်းဆောင်တို့ရဲ့ တွေ့ဆုံမှုဟာ မြန်မာနိုင်ငံကို မြောက်ကိုရီးယားလို ဖြစ်အောင် ဦးတည်နေတာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာက ပြောပါတယ်။

မတ် ၄ ရက်က ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ရုရှားနိုင်ငံ မော်စကိုမြို့မှာ တွေ့ဆုံရာမှာ ရုရှားသမ္မတက မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အားအတွက် အသေးစား နျူးကလီးယားဓာတ်ပေါင်းဖို တည်ဆောက်ရေး အကူအညီပေးသွားမယ်လို့  ပြောသွားခဲ့ပါတယ်။

မြန်မာ့ပြည်တွင်းရေးပြဿနာတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီကို ထောက်ခံအားပေးပြီး ရုရှားနဲ့ မြန်မာနှစ်နိုင်ငံ ကုန်သွယ်စီးပွား အပါအဝင် ကဏ္ဍပေါင်းစုံမှာ ဆက်ဆံရေးမြှင့်တင်သွားမယ်လို့လည်း ပြောဆိုခဲ့တာ တွေ့ရပါတယ်။

ရုရှားသမ္မတနဲ့ စစ်ခေါင်းဆောင်တို့ တွေ့ဆုံမှုဟာ မြန်မာနိုင်ငံကို မြောက်ကိုရီးယားနိုင်ငံလို နျူးကလီးယားပိုင်တဲ့ အာဏာရှင်နိုင်ငံ ဖြစ်လာဖို့ အားထုတ်မှုဖြစ်တယ်လို့ NUG ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာက  DVB ကိုပြော ပါတယ်။

“မြန်မာနိုင်ငံကို မြောက်ကိုရီးယားနိုင်ငံလို ဖြစ်လာဖို့ရာအတွက် ရုရှားနဲ့ စစ်ခေါင်းဆောင်က မော်စကိုမှာ တွေ့သွားတာကို ကြည့်မယ်ဆိုရင်လည်း၊ အဓိကက မြောက်ကိုရီးယားက နျူးကလီးယားနိုင်ငံတနိုင်ငံ ဖြစ်လာတာဟာ အစတုန်းကတော့ ခုနတုန်းကလိုပဲ စတင်တယ်။ သူတို့ဆွေးနွေးချက်တွေကို ကြည့်တဲ့အခါမှာ နျူးကလီးယား သုတေသနတွေ ပါလာတဲ့အခါကျတော့ ဒါနဲ့ပတ်သက်ပြီးတော့ အမေရိကန်ပြည်ထောင်စုမှာက US Department of Justice က ဇန်နဝါရီ ၈ ရက် ၂၀၂၅ ထုတ်ပြန်ချက်ကိုကြည့်ရင် ဂျပန်နိုင်ငံသား အယ်ဘီဆာဝါက မြန်မာပြည်မှာထွက်တဲ့ နျူးကလီးယား ဆက်စပ်ပစ္စည်းကို အရောင်းအဝယ်လုပ်တာ ကျနော်တို့ တွေ့ရတယ်။ ယူရေနီယံလို့ခေါ်တဲ့ နျူးကလီးယားနဲ့ပတ်သက်တဲ့ သတ္တုတွေက သူတို့လက်ထဲမှာ ဒီလို သူတို့ထိန်းနေတာကိုက ကမ္ဘာ့လုံခြုံရေးအတွက် အန္တရာယ်အကြီးကြီးရှိတယ် ဆိုတာကိုတော့ ဥရောပယူနီယံပဲဖြစ်ဖြစ် အမေရိကန်ပြည်ထောင်စုပဲဖြစ်ဖြစ် သူတို့နားလည်ပြီးသားလို့ ကျနော်က သုံးသပ်ပါတယ်။”

ရုရှားနိုင်ငံဟာ မြန်မာနိုင်ငံအတွက် အလွန်အရေးပါပြီး ယုံကြည်ရတဲ့နိုင်ငံဖြစ်ကြောင်း စစ်ခေါင်းဆောင်က မော်စကိုတွေ့ဆုံမှုမှာ ထည့်သွင်းပြောဆိုထားတာပါ။ ရုရှားနိုင်ငံရဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး ဆောင်ရွက်ချက် အားလုံးကိုလည်း အပြည့်အဝ ထောက်ခံကြောင်း စစ်ခေါင်းဆောင်က ပြောဆိုခဲ့ပါတယ်။

စစ်အာဏာရှင်တွေရဲ့ နျူးကလီးယားဆိုင်ရာ ခြိမ်းခြောက်မှုတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ၊ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA)၊ နိုင်ငံတကာအသိုက်အဝန်းနဲ့ ဒေသတွင်း အာဆီယံနိုင်ငံတွေက လက်ပိုက်ကြည့်မနေဖို့ ဒေါက်တာဆာဆာက တိုက်တွန်းပါတယ်။

ဒေါက်တာဆာဆာက “အာဏာရှင်တွေရဲ့ ပေါင်းစပ်မှုအောက်က အားကောင်းလာပြီးမှ ဒီမိုကရေစီနိုင်ငံတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုအားက နည်းနည်းကျသွားသလို ကျနော်တော့ မြင်တယ်။ အကြမ်းဖက်အဖွဲ့အစည်းတခုက နျူးကလီးယားအကြောင်းကို ပြောလာပြီဆိုရင် ဒါဟာ နိုင်ငံတကာလုံခြုံရေးနဲ့ တကမ္ဘာလုံးရဲ့ လုံခြုံရေးနဲ့ ပတ်သက်တဲ့အခါကြတော့ IAEA ဟာလည်း ဒီအတိုင်းပဲ လက်ပိုက်ကြည့်နေလို့ မရဘူးပေါ့နော်။ သူတို့ကိုယ်တိုင် လုပ်စရာရှိဖို့ လိုတယ်။ ဖြစ်နိုင်ခြေ မဖြစ်နိုင်ခြေ ဆိုတာထက် မြန်မာနိုင်ငံမှာ နျူးကလီးယား ဆက်စပ်ထွက်ကုန်တွေလည်း ရှိတယ်၊ ဒါနဲ့ပတ်သက်ပြီးမှ ယူရေနီယံတွေကို အကြမ်းဖက် စစ်အာဏာရှင်တွေရဲ့ လက်လှမ်းမမီတဲ့ နေရာမှာ ရှိနေဖို့တော့ အမြဲတမ်းလိုတယ်။ အဲဒါကို အာမခံနိုင်ဖို့ကတော့ အကြမ်းဖက် စစ်အာဏာရှင်တွေကို အမြစ်ဖြတ်ချေမှုန်းဖို့ကပဲ အဖြေဖြစ်လာမယ်” လို့ ပြောပါတယ်။

နျူးကလီးယား စွမ်းအင်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာမှာ ရုရှားအစိုးရပိုင် Rosatom နိုင်ငံတော်ကော်ပိုရေးရှင်း တာဝန်ရှိသူတွေနဲ့ ၂၀၂၂ ဇူလိုင်လ ရုရှားခရီးစဉ်မှာကတည်းက စစ်ခေါင်းဆောင်က လက်မှတ်ရေးထိုးထားတာပါ။

အာဏာသိမ်းပြီးနောက် ရုရှားသမ္မတကို ချဉ်းကပ်ဖို့ စစ်ခေါင်းဆောင်က အကြိမ်ကြိမ် ကြိုးစားခဲ့ပေမဲ့ ရုရှားသမ္မတရဲ့ အလေးထားဆက်ဆံမှုကို မရခဲ့ပါဘူး။

အမေရိကန်ပြည်ထောင်စုမှာ သမ္မတထရမ့်ပ်အစိုးရ တက်လာပြီး ကမ္ဘာ့နိုင်ငံရေးရှုပ်ထွေးချိန်ကျမှ ရုရှားသမ္မတ ပူတင်က စစ်ကောင်စီဘက်က ပေါ်ပေါ်တင်တင် ရပ်တည်ပြီး ပထဝီနိုင်ငံရေးမှာ အသာစီးယူနိုင်ဖို့ ကြိုးစားလာတာဖြစ်တယ်လို့ လေ့လာသူတွေက မှတ်ချက်ပေးပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013