DVB Logo
Home
မြန်မာသတင်း
ဖယ်ခုံတွင် ပရဟိတ ဆရာတော်နှင့်ဒကာတို့ ပစ်သတ်ခံရ
DVB
·
March 6, 2025
ဖယ်ခုံတွင် ပရဟိတ ဆရာတော်နှင့်ဒကာတို့ ပစ်သတ်ခံရ
Donate to DVB

ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ မတ် ၄ ရက် ညနေက ပရဟိတ ဆောင်ရွက်သူ ဖယ်ခုံရှမ်းကျောင်း ကျောင်းထိုင်ဆရာတော်ကို အမည်မသိလက်နက်ကိုင်အဖွဲ့က ဝင် ရောက်ပစ်ခတ်သွားလို့ ပွဲချင်းပြီး ပျံလွန်သွားသလို  ဆရာတော်ရဲ့ ဒကာတယောက်ကိုလည်း ပစ်သတ်သွားခဲ့တယ်လို့ သိရပါတယ်။

ဖယ်ခုံမြို့  ရှမ်းပိဋကတ်ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော်  ဦးဓမ္မသာရ  ခေါ် ဦးဇင်းပိန် (သက်တော် ၄၇  နှစ်) ဟာ  မတ် ၄ ရက်နေ့က ဖယ်ခုံအင်းအရှေ့ဘက်ခြမ်းရှိ လွိုင်ပေါင်းကျေးရွာ အသုဘတခုကို  တရားသွားဟောပေးခဲ့ပြီးအပြန် စစ်ဘေးရှောင်တွေ နားခိုနေတဲ့ အုံတိုင်း ကျေးရွာကိုပါ သွားရောက်ခဲ့တယ်။ အုံတိုင်းဘုန်းကြီးကျောင်းမှာ စစ်ဘေးရှောင် ၁၀၀ ကျော်ရှိပြီး သူတို့အတွက် ထောက်ပံ့ကူညီငွေတွေ ပေးအပ်ပြီးလို့  ရေနွေးကြမ်းထိုင်သောက်နေစဉ်  ညနေ ၄ နာရီလောက်မှာ အမည်မသိလက်နက်ကိုင်ရောက်လာပြီး ပစ်ခတ်သွားတာလို့ ဖယ်ခုံဒေသခံတယောက်က DVB ကို ပြောပါတယ်။ 

“လက်နက်ကိုင် ၆ ယောက်က ဆိုင်ကယ် ၃ စီးနဲ့ ရောက်လာတယ်၊ ပြီးတော့ ကျောင်းပေါ်တက်ပြီး ဆရာတော်ကို ဝင်ပစ်သွားတယ်၊ ဆရာတော် ဒဏ်ရာ ၈ ချက်နဲ့  ပွဲချင်းပြီး ပျံလွန်တယ်။ ဆရာတော်ကို ကားမောင်းပို့ပေးတဲ့ သူ့ဒကာ စိုင်းအိုက်ပီးလည်း လှေခါးထစ်နားမှာ အပစ်ခံရတယ်၊ သူက ၂ ချက်ထိတယ်၊ လူဆိုးတွေက ဆရာတော်ရဲ့ တယ်လီဖုန်းနဲ့ ဘဏ်စာအုပ်ရော ငွေတွေပါ ယူသွားတယ်လို့ သိရတယ်။”

အဆိုပါကျေးရွာအုပ်စုမှာ  ဖယ်ခုံ PDF တော်လှန်ရေးအဖွဲ့တွေ လှုပ်ရှားနေပြီး စစ်ကောင်စီ၊ PNO ပအိုဝ်းပြည်သူ့စစ်တွေနဲ့ မကြာခဏတိုက်ပွဲဖြစ်ကြောင်း၊ နယ်မြေအခြေအနေမကောင်းတဲ့အတွက် ဆရာတော် နဲ့ သူ့တကာတို့ရဲ့ အသုဘကို အုံတိုင်းရွာမှာပဲ အကျဉ်းချုံကျင်းပပြီး မတ် ၅ ရက်က မီးသင်္ဂြိုဟ်လိုက်တယ်၊ မီးသင်္ဂြိုဟ်နေတုန်း လေယာဉ်ပျံဝဲလာတာကြောင့် ရွာသားတွေဟာ ဆရာတော်တို့ရဲ့ အရိုးပြာကိုတောင် မကောက်နိုင်တော့ဘဲ အကုန်ထွက်ပြေးခဲ့ရတယ်လို့ ဒေသခံက ပြောပါတယ်။ 

ဆရာတော်မှာ ဖယ်ခုံဇာတိ ရှမ်းလူမျိုးဖြစ်ပြီး ဝါတော် ၂၇ ဝါရှိကာ ရှမ်းပိဋကတ်ကျောင်းမှာ ကျောင်းထိုင်အဖြစ် တာဝန်ယူတာ ၈ နှစ်ရှိပြီဖြစ်ကြောင်း၊ သာသနာပြန့်ပွားရေးကို ဆောင်ရွက်နေသလို ဒေသတွင်းရှိ ရှမ်းစာပေယဉ်ကျေးမှုပြန့်ပွားရေးကိုလည်း တစိုက်မတ်မတ် ဆောင်ရွက်ခဲ့တယ်၊ ရွှေဓမ္မရောင်ခြည်  အခမဲ့လူမှုကူညီရေးအသင်းကို ဖွဲ့စည်း တည်ထောင်ပေးခဲ့တယ်။ တိုင်းရေးပြည်ရေးမကောင်းလို့ ရွာသားတွေ စစ်ဘေးရှောင်ကြရတာမှာ အလှူငွေကောက်ခံပြီး ဘာသာလူမျိုးမခွဲခြား လိုက်လံထောက်ပံ့ကူညီခဲ့တယ်။ ဆရာတော်နဲ့ လိုက်သွားတဲ့ စိုင်းအိုက်ပီးဟာလည်း  ဖယ်ခုံရှမ်းပိဋကတ်ကျောင်းတိုက်တည်ဆောက်ရေး မြေကွက်လှူဒါန်းခဲ့တဲ့ ဘုရားဒကာကျောင်းဒကာကြီး ဦးကယားမောင်ရဲ့ သားဖြစ်တယ်၊ မိသားတစုလုံး ဘာသာတရားကိုင်းရှိုင်းပြီး အများအကျိုးသယ်ပိုးတယ်။  ဒီလိုသူတော်ကောင်းတွေကို ဘယ်သူတွေက ဘာအငြိုးကြောင့်သတ်ရသလဲဆိုတာ စဉ်းစားမရဘူးလို့ ဒေသခံက ပြောပါတယ်။ 

ဒီကိစ္စနဲ့ ပတ်သက်ပြီး  ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ရင်း - ၂ (၁၀၀၆ တပ်ရင်း) ကတော့  သူတို့အဖွဲ့အစည်းနှင့် လုံးဝမသက်ဆိုင်ကြောင်း၊ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးကအစ အောက်ခြေရဲဘော်တွေအဆုံး အဆိုပါနိုင်ထက်စီးနင်းတဲ့ လုပ်ရပ်ကျူးလွန်ခြင်းမရှိ၊ ဖယ်ခုံ PDF စိုးမိုးတဲ့နယ်မြေမှာ ဖြစ်သွားတဲ့ဖြစ်စဉ်မှာ တရားသောအမှုမှန်ပေါ်ပေါက်ရေး ပအဖတွေနဲ့ ပူးပေါင်းပြီး လိုအပ်သလို ဆောင်ရွက်သွားမယ်၊  မပြီးဆုံးသေးတဲ့ တော်လှန်ရေးခရီးမှာ တပ်ရင်း နဲ့ လူထုကြား သဘောထားကွဲစေဖို့ သွေးခွဲတဲ့ ဘယ်လိုလုပ်ဆောင်ချက်တွေကိုမှ လက်ခံမှာမဟုတ်ဘူးလို့ ၂၀၂၅ မတ်  ၅ ရက်နေ့စွဲနဲ့  အသိပေးထုတ်ပြန်ထားပါတယ်။ 

Battalion 1006 Pekhon People's Defence Force-2

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013