အနောက်ဥရောပနိုင်ငံတွေမှာ အပူလှိုင်း ဖြတ်သန်းနေတာကြောင့် ပြင်သစ်၊ ဗြိတိန်နဲ့ စပိန်နိုင်ငံတို့မှာ စံချိန်တင် အပူချိန်တွေ မြင့်တက်နေပါတယ်။
ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုတွေကြောင့် ဥရောပတိုက်ဟာ ကမ္ဘာ့ပျမ်းမျှထက် ၂ ဆပိုမြန်တဲ့နှုန်းနဲ့ ပူနွေးလာနေတာ ဖြစ်ပါတယ်။
ပြင်သစ်နိုင်ငံမှာ ဇွန် ၂၄ ရက်က နိုင်ငံတဝန်း ပျမ်းမျှအပူချိန် ၃၀ ဒီဂရီဆဲလ်စီးယပ်စ်အထိ ရှိခဲ့ပြီး ၁၉၄၇ ခုနှစ်နောက်ပိုင်း အပူဆုံးနေ့အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
တချို့ဒေသတွေမှာ အပူချိန် ၄၃ ဒီဂရီဆဲလ်စီးယပ်စ်အထိ ရှိနေတာကြောင့် ပါရီမြို့က အီဖယ်လ်မျှော်စင်နဲ့ လူးဗ်ပြတိုက်တို့ကို စောစောပိတ်ခဲ့ရသလို အပူဒဏ်သက်သာဖို့ ရေဆင်းချိုးရာကနေ ရေနစ်သေဆုံးသူ ၄၀ ထက်မနည်း ရှိခဲ့ပါတယ်။
ပြင်သစ် အလုပ်သမားရေးရာဝန်ကြီး ယောင်းန် -ပီယဲ ဖာရန်ဒူးက ပြင်သစ်ဟာ ပူပြင်းတဲ့နိုင်ငံ ဖြစ်လာနေပြီး လူ့အဖွဲ့အစည်းအနေနဲ့ ဒီအပူဒဏ်ကို လိုက်လျောညီထွေနေထိုင်ဖို့ လိုအပ်နိုင်တယ်လို့ မှတ်ချက်ပေးပါတယ်။
ဗြိတိန်နိုင်ငံ၊ ဂေါ့စ်ပို့တ်မြို့မှာလည်း ဇွန် ၂၄ ရက်က အပူချိန် ၃၆ ဒသမ ၁ ဒီဂရီဆဲလ်စီးယပ်စ်အထိ ရောက်ရှိခဲ့လို့ ဇွန်လရဲ့ အပူဆုံးနေ့အဖြစ် စံချိန်တင်ခဲ့ပါတယ်။
စပိန်နိုင်ငံမှာတော့ ဇွန် ၂၃ ရက်က ပျမ်းမျှအပူချိန် ၂၈ ဒသမ ၁၇ ဒီဂရီဆဲလ်စီးယပ်စ် ရှိခဲ့တာကြောင့် ၁၉၅၀ ပြည့်နှစ်နောက်ပိုင်း အပူဆုံးနေ့အဖြစ် သတ်မှတ်ခံရပါတယ်။
အီတလီ၊ ဂျာမနီ၊ နယ်သာလန်နဲ့ ဘယ်လ်ဂျီယံနိုင်ငံတွေမှာလည်း အနီရောင်အဆင့် အပူချိန် သတိပေးချက်တွေ ထုတ်ပြန်ထားရပါတယ်။
ဒီအပူလှိုင်းဟာ လာမဲ့ရက်ပိုင်းတွေမှာ အရှေ့ဥရောပနိုင်ငံတွေဆီကိုပါ ဆက်လက် ပျံ့နှံ့သွားနိုင်တယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားပါတယ်။










