DVB Logo
Home
မြန်မာသတင်း
ရုရှားခရီးစဉ်အပြီး စစ်ခေါင်းဆောင်က အာဏာရှင်နိုင်ငံ ဘယ်လာရုစ်ဆီ ခရီးဆက်မည်
DVB
·
March 6, 2025
ရုရှားခရီးစဉ်အပြီး စစ်ခေါင်းဆောင်က အာဏာရှင်နိုင်ငံ ဘယ်လာရုစ်ဆီ ခရီးဆက်မည်
Donate to DVB

ရုရှားနိုင်ငံကို ချစ်ကြည်ရေးခရီးထွက်နေတဲ့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ  နောက်ထပ် အာဏာရှင်နိုင်ငံ တနိုင်ငံဖြစ်တဲ့ ဘယ်လာရုစ်နိုင်ငံကို ခရီးဆက်ဖို့ ရှိနေပါတယ်။

ဘယ်လာရုစ်အခြေစိုက် Belarus News သတင်းမှာတော့ စစ်ခေါင်းဆောင်ဟာ မတ် ၇ ရက် မနက်ဖြန်မှာ လာရောက်မှာဖြစ်တဲ့အကြောင်း သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုရဲ့ သတင်းစာရှင်းလင်းပွဲကို ကိုးကားဖော်ပြပါတယ်။

နှစ်နိုင်ငံ ခေါင်းဆောင်တွေရဲ့ ဆွေးနွေးပွဲကိုတော့ မင့်စ်မြို့က လွတ်လပ်ရေးနန်းတော်မှာ လက်ခံကျင်းပသွားမှာဖြစ်ကာ ကုန်သွယ်ရေး၊ စီးပွားရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်တွေမှာ ပူးပေါင်းဆောင်ရွက်မှုကိစ္စတွေကို ဆွေးနွေးကြပြီး အနာဂတ် အစီအမံတွေအတွက် အကောင်အထည်ဖော်နိုင်ရေး ဆွေးနွေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ 

အထူးသဖြင့် စက်မှုလုပ်ငန်း၊ စိုက်ပျိုးရေး၊ ဆေးဝါးနဲ့ သိပ္ပံဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးကြမှာဖြစ်ပြီး ဆွေးနွေးပွဲအပြီးမှာ နှစ်နိုင်ငံသဘောတူညီမှု လက်မှတ်ရေးထိုးတာတွေ လုပ်ဆောင်သွားမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

မြန်မာစစ်ခေါင်းဆောင်ဟာ ဘယ်လာရုစ်နိုင်ငံမှာ ဘယ်နှရက်ကြာ လည်ပတ်မယ်ဆိုတာကိုတော့ အသေးစိတ် ဖော်ပြထားခြင်း မရှိပါဘူး။

ပြီးခဲ့တဲ့ ဇန်နဝါရီလထဲမှာလည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ဘယ်လာရုစ် နိုင်ငံခြားရေးဝန်ကြီး မက်ခ်ဇင်ရိုင်ဇန်ကော့ဗ်နဲ့ နေပြည်တော်မှာ တွေ့ဆုံပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေ ဆွေးနွေးခဲ့ကြပါသေးတယ်။

စစ်အုပ်စုအာဘော် နိုင်ငံပိုင်သတင်းတွေမှာတော့ အဆိုပါတွေ့ဆုံပွဲကို စစ်ကောင်စီ ထိပ်ပိုင်းရာထူးတွေ ယူထားကြတဲ့ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဗိုလ်ချုပ်ကြီး ညိုစောတို့နဲ့အတူ စစ်ကောင်စီခန့် ဝန်ကြီးတွေ တက်ရောက်ခဲ့တဲ့အကြောင်း ဝေဝေဆာဆာ ဖော်ပြထားခဲ့ပြီး ဒီတွေ့ဆုံမှုမှာ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှု အခြေအနေတွေ၊ သံတမန်ဆက်ဆံရေးနဲ့ ကုန်သွယ်မှု မြှင့်တင်ဆောင်ရွက်ရေး၊ ပညာရေး၊ စိုက်ပျိုးမွေးမြူရေး စတဲ့ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးတို့ အပါအဝင် ရွေးကောက်ပွဲကျင်းပနိုင်ရေးနဲ့ ပတ်သက်ပြီးတော့လည်း ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ဘယ်လာရုစ် နိုင်ငံခြားရေးဝန်ကြီးရဲ့ ဒီခရီးစဉ်နဲ့ ပတ်သက်ပြီး ဘယ်လာရုစ်ဘက်ကတော့ မြန်မာ့ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ အကြောင်းတစုံတရာ ဖော်ပြထားတာမျိုး မတွေ့ရပါဘူး။

ဘယ်လာရုစ်နိုင်ငံဟာ အရှေ့ဥရောပဒေသတွင်း ကုန်းတွင်းပိတ် နိုင်ငံတနိုင်ငံဖြစ်ပြီး ရုရှား၊ ယူကရိန်းနိုင်ငံတွေနဲ့ နယ်နိမိတ်ချင်း ထိစပ်နေကာ ၁၉၉၁ ခုနှစ်မတိုင်ခင်အထိ အရင် ဆိုဗီယက် ပြည်ထောင်စုထဲက နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။

နိုင်ငံခေါင်းဆောင် အာဏာရှင်အလက်ဇန်းဒါး လူကာရှန်ကိုဟာလည်း နိုင်ငံကို ၁၉၉၄ ခုနှစ်က တည်းက အုပ်ချုပ်နေတာဖြစ်ကာ ဒီနိုင်ငံကို ဥရောပရဲ့ “နောက်ဆုံးအာဏာရှင်နိုင်ငံ”လို့ သိကြသလို ဘယ်လာရုစ်အစိုးရဟာ နိုင်ငံသားလွတ်လပ်ခွင့်တွေကို ဖိနှိပ်တာတွေ၊ မီဒီယာတွေကို တင်းကျပ်တာကြောင့် ပြင်းပြင်းထန်ထန် ဝေဖန်ခံထားရတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

မြန်မာစစ်ကောင်စီရဲ့ ကောင်စစ်ဝန်ချုပ်ရုံးကိုလည်း ၂၀၂၃ ခုနှစ်ထဲမှာ ဘယ်လာရုစ်မှာ တိုးချဲ့ ဖွင့်လှစ်ထားသလို ဘယ်လာရုစ်နိုင်ငံဟာ မြန်မာစစ်ကောင်စီရဲ့ အာဏာသိမ်းမှုကို ရှုတ်ချဖို့ ကုလသမဂ္ဂရဲ့ အဆိုကို မထောက်ခံဘဲ ဆန့်ကျင်မဲပေးခဲ့တဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

ဒါ့အပြင် လေ့လာစောင့်ကြည့်သူတွေရဲ့ အဆိုအရ ဘယ်လာရုစ်နိုင်ငံဟာ မြန်မာစစ်တပ်ကို စစ်လက်နက်ပစ္စည်းတွေ ရောင်းချနေတဲ့ နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013