
ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ စစ်မှုထမ်းဖို့ နာမည်ပြောင်း စာရင်းထည့်ခံရတဲ့ လူငယ်တွေ ထွက်ပြေးလို့ စစ်ကောင်စီတပ်က လူငယ်လေးတွေရဲ့ မိခင်ကို မတ် ၃ ရက်မှာ ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပုသိမ်မြို့၊ အမှတ် ၅ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဆန်းထွေးက ရေခဲစက်ဟောင်း တက်ဆိပ်ဘက်မှာ မတ် ၂ ရက် ညပိုင်းက စစ်မှုထမ်းဖို့အတွက် မြို့နယ်က စာလာတယ်ဆိုပြီး လယ်ထွန်စက်မောင်းတဲ့ လူငယ်တယောက်ကို ဖုန်းနဲ့ ဆက်ပြီးခေါ်တာကြောင့် လူငယ်က ထွက်ပြေးသွားပါတယ်။
အဆိုပါ ထွက်ပြေးတဲ့ လူငယ်အစား ညီဖြစ်သူကို အစားထိုးထည့်ဖို့ လုပ်တဲ့အတွက် ညီဖြစ်သူပါ နောက်ထပ် ထွက်ပြေးသွားတာကြောင့် မိခင်ဖြစ်သူကို စစ်ကောင်စီတပ်နဲ့ အုပ်ချုပ်ရေးအဖွဲ့က ဖမ်းဆီးထားတာလို့ ဆိုပါတယ်။
အဲဒီလူငယ်တွေဟာ စစ်မှုထမ်းအတွက် အမှန်တကယ် အခေါ်ခံရတာမျိုးမဟုတ်ဘဲ အထက်ကပေးတဲ့ စာရင်းကို အစားထိုးထည့်ဖို့အတွက် အုပ်ချုပ်ရေးမှူးရဲ့ လိမ်လည် ခေါ်ယူခြင်းခံရတဲ့သူတွေလို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။
စစ်မှုထမ်းကိစ္စနဲ့ ဖမ်းခံရတဲ့ မိသားစုနဲ့ နီးစပ်သူက “အုပ်ချုပ်ရေးမှူးက ညီအစ်ကို ၂ ယောက်ရှိတဲ့ အိမ်က အစ်ကိုဖြစ်သူကို စစ်မှုထမ်းရမယ်ဆိုပြီး ဖုန်းဆက်ပြီး ခေါ်တာ။ စစ်မှုထမ်းရမယ်လို့ ပြောတော့ ထွက်ပြေးတာ။ သူ့အစား သူ့ညီကို ထည့်မယ်လုပ်လို့ ညီဖြစ်သူလည်း ထွက်ပြေးတာ။ အခု သူတို့အမေ ဖမ်းထားပြီး သူ့သားနှစ်ယောက်ကို ပြန်ခေါ်ခိုင်းနေတာ၊ အဖေမရှိဘူး” လို့ ပြောပါတယ်။
အဲဒီ စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးက မတ် ၁ ရက်က စတင်ပြီး အထက်ကပို့တဲ့ စာအိတ်တွေထဲက စစ်မှုထမ်း မဲပေါက်တယ်လို့ ဆိုပြီး လူငယ်တွေကို စစ်မှုထမ်းဖို့ လက်မှတ်ထိုးခိုင်းတာ၊ ပြည်ပရောက်နေသူတွေကို ပြန်ခေါ်ပေးပါ့မယ်ဆိုတဲ့ ခံဝန်ကတိကို မိသားစုတွေကို အတင်းထိုးခိုင်းတာတွေ လုပ်နေပြီး ငွေကြေးပြည့်စုံသူတွေက ငွေကြေးနဲ့ ဖြေရှင်းနေကြတယ်လို့ သိရပါတယ်။
နောက်ထပ် ပုသိမ်မြို့ခံတယောက်က “ငွေကြေးပြည့်စုံသူတွေရဲ့ သားတွေ နာမည်မှာပါလာတယ်။ ဒါပေမဲ့ သူတို့ကိုကျ အုပ်ကြီးတွေက သီးသန့်ခေါ်တွေ့တာ။ ခရီးသွားတာတို့ ပြည်ပထွက် အလုပ်လုပ်နေတာတို့ဆိုလည်း ချက်ချင်း ပြန်ခေါ်ခိုင်းတာ။ အခုစနစ်က တမျိုးလုပ်ပြန်ပြီ။ သူတို့ အတင်းလုပ်လည်း လူငယ်တွေ မရှိကြတော့ဘူး” လို့ ပြောပါတယ်။
ပုသိမ်မြို့မှာ စစ်မှုထမ်းအပတ်စဉ် ၁၁ အတွက် လူငယ်တွေကို စစ်ကောင်စီရဲ့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က လာဘ်စားတာနဲ့ တခြားလူစားထိုးတာတွေ မလုပ်တော့စေဖို့ ဆိုပြီး ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကတဆင့် စာအိတ်နဲ့ပေးကာ ခေါ်ယူနေပြီး အောက်ခြေမှာ ငွေကြေးပေးနိုင်တဲ့သူအပေါ် မူတည်ပြီး လူစာရင်းချိန်းတာ၊ အစားထိုးနာမည် ပြောင်းတာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။