
အာရက္ခတပ်တော် (AA)နဲ့ တိုက်ပွဲမှာ တင့်ကားနဲ့ စစ်လက်နက်ပစ္စည်းတွေ ဆုံးရှုံးခဲ့တာနဲ့ ပတ်သက်လို့ အရေးယူ ဖမ်းဆီးခံနေရတဲ့ တင့်ကားတပ်ရင်းမှူးနဲ့ အရာရှိတချို့ကို စစ်ကောင်စီက ကချင်ပြည်နယ်ကို ပြောင်းရွှေ့ အမိန့်ချလိုက်တယ်လို့ စစ်တပ်နဲ့ နီးစပ်သူဆီက သိရပါတယ်။
ဇန်နဝါရီ ၁၆ နဲ့ ၁၇ ရက်က အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ ဘောမိကျေးရွာနဲ့ ပတ်ဝန်းကျင်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ စစ်ကောင်စီတပ်ရဲ့ တင့်ကား ၃ စီးထက်မနည်းကို AA က သိမ်းယူနိုင်ခဲ့တာပါ။
အခုလို စစ်လက်နက်တွေ ဆုံးရှုံးခဲ့ရတာကြောင့် အရေးယူတဲ့အနေနဲ့ ဖမ်းဆီးခံရတဲ့ တင့်ကားတပ်ရင်းမှူးနဲ့ အရာရှိ ၄ ယောက်ကို စစ်ကောင်စီတပ်က ကချင်ပြည်နယ် စစ်ဆင်ရေးကို ပို့လိုက်တာလို့ ပုသိမ်အခြေစိုက် စစ်ကောင်စီတပ်နဲ့ နီးစပ်သူက ပြောပါတယ်။
“တပ်ဆုတ်ခဲ့ရရင် စစ်လက်နက်ပစ္စည်းတွေကို ဖျက်ဆီးပစ်ရမယ်ဆိုတဲ့ အချက်ကို မလိုက်နာတာကြောင့်ဆိုပြီး ဖမ်းဆီးခဲ့သူတွေကို ကချင်ဘက်ပို့လိုက်တာ။”
ပြောင်းရွှေ့ခံရတဲ့ တင့်ကားတပ်ရင်းမှူးဟာ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ သာဂရမြို့ အခြေစိုက် တင့်ကားတပ်ရင်း (တကရ) ၆၀၁၇ က တပ်ရင်းမှူးဖြစ်နိုင်ပြီး နောက်ထပ် အရာရှိ ၄ ယောက်က ဧရာဝတီတိုင်းအတွင်း တပ်ရင်းတွေက ဖြစ်တယ်လို့ သိရပါတယ်။
ပြောင်းရွှေ့ခံရသူတွေနဲ့ နီးစပ်သူက “တပ်ရင်းမှူး အပါအဝင် အားလုံးကို ဘောမိတိုက်ပွဲမှာ ထိခိုက်ဒဏ်ရာ ရရှိတာကြောင့် ပြန်ခေါ်လာပြီး ဆေးခဏကုသပေးပြီး ဖမ်းခဲ့တာ။ ကောင်းကောင်းတောင် ဆေးမကုခဲ့ရပါဘူး။ ပုသိမ်ထောင် သီးသန့်အခန်းမှာ ထားပြီး အခုလို ပြောင်းရွှေ့လိုက်တာ” လို့ ပြောပါတယ်။
အာရက္ခတပ်တော် (AA) က ရခိုင်ပြည်နယ်ရဲ့ တောင်ဘက်အစွန်ဆုံး ဂွမြို့ကို သိမ်းပိုက်ပြီးနောက် အခုနှစ် အစောပိုင်းမှာပဲ ရခိုင်-ဧရာဝတီအစပ်ရှိ ဧရာဝတီတိုင်းထဲက ဒေသတချို့ကိုပါ ထိုးစစ်ဆင် တိုက်ခိုက်လာတာတာကြောင့် စစ်ကောင်စီက ခုခံစစ်တွေ ပြင်းပြင်းထန်ထန် ပြင်ဆင်နေရပြီး လေကြောင်းနဲ့ စက်တပ်လေထီးတွေပါ အသုံးပြုကာ ပြန်လည်ခုခံတိုက်ခိုက်နေ ပါတယ်။










