DVB Logo
Home
မြန်မာသတင်း
တရုတ် လက်နက်ကိုင် ကြေးစားတပ်များ ကျောက်ဖြူကို ရောက်လာ 
DVB
·
March 5, 2025
တရုတ် လက်နက်ကိုင် ကြေးစားတပ်များ ကျောက်ဖြူကို ရောက်လာ 
Donate to DVB

တရုတ်လက်နက်ကိုင် ကြေးစားတပ်တွေ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာပဲ ရောက်ရှိလာပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၇ ရက် မနက်မှာ ရန်ကုန်လေဆိပ်ကနေတဆင့် ကျောက်ဖြူမြို့ကို စစ်ကောင်စီက တရုတ်လုံခြုံရေး ကြေးစားစစ်သား ၂၅ ယောက် ပို့ဆောင်ခဲ့တယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေက ပြောဆိုကြသလို ဒေသခံတွေကလည်း အတည်ပြုကြပါတယ်။

စစ်တပ်နဲ့ နီးစပ်သူတယောက်က “ကျောက်ဖြူကို လေယာဉ်နဲ့ တရုတ်စစ်သားလို့ ပြောတာပဲ လုံခြုံရေးသမား ၂၅ ယောက် ပို့လိုက်ပါတယ်။ ရန်ကုန်လေဆိပ်ကနေ ဒီနေ့ ၈ နာရီ Flight နဲ့ ပါသွားတယ်၊ ဂက်စ်ပိုက်လိုင်း လုံခြုံရေးအတွက်လို့ ပြောပါတယ်” လို့ ပြောပါတယ်။

ဖေဖော်ဝါရီ ၁၈ ရက်မှာ စစ်ကောင်စီက နိုင်ငံခြားသားတွေကို လုံခြုံရေးဝန်ထမ်းအဖြစ် ခန့်အပ်နိုင်တယ်ဆိုတဲ့ လက်နက်ကိုင်ဆောင်ခွင့်ပါတဲ့ ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှုဆိုင်ရာ ဥပဒေသစ်ကို ပြဋ္ဌာန်းပေးခဲ့ပါတယ်။

ပဋိပက္ခတွေ အဖြစ်များတဲ့ တရုတ်နိုင်ငံရဲ့ ခေတ်သစ်ပိုးလမ်းမစီမံကိန်း (BRI) တွေ အခြေစိုက်တဲ့ ဒေသတွေမှာတော့ တရုတ်နိုင်ငံရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ တရုတ်နိုင်ငံသားတွေကို အကာအကွယ်ပေးဖို့အတွက် တရုတ်က PSC (private security companies) တွေကို အသုံးပြုလေ့ရှိပါတယ်။

ပဋိပက္ခတွေ ဖြစ်နေတဲ့ မြန်မာနိုင်ငံမှာ သူတို့ရဲ့ လုံခြုံရေးနည်းပညာတွေကို အသုံးပြုပြီး အီလက်ထရောနစ် ကင်းထောက်စနစ်တွေ တပ်ဆင်လာနိုင်တာကြောင့် စစ်ကောင်စီက ပြည်သူတွေအပေါ်မှာ ဖိနှိပ်ချုပ်ချယ်မှုတွေ ပိုပြင်းထန်လာနိုင်တယ်လို့ တရုတ်လုံခြုံရေးကုမ္ပဏီတွေနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံဆိုင်ရာ အကဲခတ်  အန်တိုနီယို ဂရေ့စ်ဖိုက ပြောပါတယ်။

“တခြားနိုင်ငံမှာရှိနေတဲ့ PSC တွေအနေနဲ့ မြန်မာအစိုးရကို ကင်းထောက်နည်းပညာတွေနဲ့ ပတ်သက်ပြီး သင်ကြားပေးနိုင်တာပါ။ ဒီကုမ္ပဏီတွေမှာ မျက်နှာကို မှတ်သားနိုင်တဲ့ လုံခြုံရေးနည်းပညာတွေ၊ Digital ID card တွေ ရှိပါတယ်။ စစ်ကောင်စီအနေနဲ့ ဒီနည်းပညာတွေကို အသုံးပြုပြီး ရန်ကုန်နဲ့ မန္တလေးလို မြို့ကြီးတွေမှာဖြစ်စေ၊ နေပြည်တော်မှာဖြစ်စေ အီလက်ထရောနစ် ကင်းထောက်စနစ်တွေ တပ်ဆင်လာနိုင်ပါတယ်။ ဒီကုမ္ပဏီတွေက အခုလို ကင်းထောက်နည်းပညာတွေကို လက်တင်အမေရိကနဲ့ အာဖရိကနိုင်ငံတွေကိုလည်း ပံ့ပိုးပေးခဲ့ဖူးပါတယ်။ အဲဒါကြောင့် ပြည်သူတွေအပေါ် [စစ်ကောင်စီရဲ့] ဖိနှိပ်ချုပ်ချယ်မှုတွေပို ပြင်းထန်လာနိုင်ပါတယ်။ ပြည်သူလူထုကို ထိန်းချုပ်တဲ့နေရာမှာ လက်ရှိ ရှိနေတဲ့ ဟာကွက်တွေကို မွမ်းမံပြင်ဆင်လာနိုင်တာတွေရှိပေမဲ့ စစ်ပွဲရဲ့ရလဒ်ကိုတော့ ပြောင်းနိုင်လိမ့်မယ်လို့ မထင်ပါဘူး” လို့ ပြောပါတယ်။

တဖက်မှာလည်း အခုလို ကျောက်ဖြူမြို့မှာ တရုတ်လုံခြုံရေး ကြေးစားစစ်သားတွေ ရောက်ရှိ နေတာဟာ တရုတ်နိုင်ငံပိုင်စီမံကိန်းတွေကို ကာကွယ်ဖို့ဖြစ်တယ်လို့ တရုတ်အရေး ကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက်တွေ ရှိနေပါတယ်။ 

တရုတ်အရေးကျွမ်းကျင်သူတယောက်က “တရုတ်အစိုးရက သူ့ရဲ့ ပုံရိပ်ကို အထူးသဖြင့် BRI လိုစီမံကိန်းတွေ ရှိတဲ့နေရာမှာ ထိန်းသိမ်းချင်တာဖြစ်လို့ တရုတ် PSC တွေကို စစ်တပ်အသွင် တခြားအစိုးရတရပ်ကိုကူပြီး တိုက်ပေးတဲ့နေရာမှာ အားပေးဖို့ ဖြစ်နိုင်ခြေနည်းပါတယ်။ သူ့အနေနဲ့ ရည်ရွယ်တာက စစ်ကောင်စီက ဆက်လက်ထိန်းချုပ်ထားဆဲဖြစ်တဲ့ နေရာတွေက တရုတ်စီမံကိန်းတွေနဲ့ ဝန်ထမ်းတွေ လုံခြုံရေးအတွက် ရည်ရွယ်တယ်လို့ ယူဆရပါတယ်” လို့ ပြောပါတယ်။

နိုင်ငံတကာမှာ လုံခြုံရေးကုမ္ပဏီတွေမှာ ပုဂ္ဂလိကစစ်ရေးကုမ္ပဏီ (Private military companies-PMCs) နဲ့ ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီ (private security companies-PSCs) ဆိုပြီး အမျိုးအစား ၂ ခုရှိပါတယ်။

PMC ကတော့ စစ်ရေးဆိုင်ရာကိစ္စတွေ၊ ပဋိပက္ခတွေမှာ တိုက်ရိုက်ပါဝင်တဲ့ တိုက်ခိုက်ရေးဆိုင်ရာ ဝန်ဆောင်မှုပေးတာဖြစ်ပြီး PSC ကတော့ စီးပွားရေးနဲ့ပတ်သက်တဲ့ လူပုဂ္ဂိုလ်၊ အခြေခံ အဆောက်အဦ လုံခြုံရေးဆိုင်ရာ၊ ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာတွေကို အကာအကွယ်ပေးတာတွေ ဖြစ်ပါတယ်။

နိုင်ငံတော်တော်များများမှာ နိုင်ငံခြားသားတွေကို လက်နက်ကိုင်ဆောင်ခွင့်မပြုတဲ့အတွက် တရုတ်က PSC တွေအနေနဲ့ လက်နက်ကိုင်ဆောင်ခွင့်မရှိပေမဲ့ မြန်မာနိုင်ငံမှာတော့ စစ်ကောင်စီရဲ့ ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှုဆိုင်ရာ ဥပဒေသစ်အရ လက်နက်ကိုင်ဆောင်ခွင့်ရဖို့ ရှိနေပါတယ်။

ဒါပေမဲ့ ဒီအခြေအနေဟာ တရုတ်အစိုးရအနေနဲ့ ဝင်ရောက်စွက်ဖက်မှုရှိတယ်ဆိုတာကို ပြောဖို့ခက်ခဲတဲ့ အနေအထားမှာ ရှိနေသေးတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောဆိုကြပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူတယောက်က “ဒါက တရုတ်နိုင်ငံက ဝင်ရောက်စွက်ဖက်တယ် ဆိုတာကိုတော့ ပြောရခက်ပါတယ်။ ဒါဟာ တရုတ်ကုမ္ပဏီ နှစ်ခုကြားမှာ သဘောတူညီမှုလို့ ပြောလို့ ရပါတယ်။ တကယ်လို့ PMC ကို တရုတ်က မငှားဘဲနဲ့ တခြားကုမ္ပဏီတခုက လုံခြုံရေးအနေနဲ့ ငှားမယ်ဆိုရင်လည်း ငှားလို့ရပါတယ်။ တဖက်မှာကျရင်လည်း တရုတ်အစိုးရ မဟုတ်ဘဲနဲ့ တရုတ် PMC ကို မြန်မာစစ်တပ်က ငှားရမ်းအသုံးပြုတာမျိုး လုပ်ရင်လည်း ရပါတယ်။ ဒါကတော့ PMC တခုက ဘယ်လောက်အနေအထားထိ သွားလို့ ရလဲ မရဘူးလဲ ဆိုတာတော့ ပြောရခက်ပါတယ်” လို့ ပြောပါတယ်။

လက်ရှိ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာတော့ တရုတ်နိုင်ငံပိုင် မြန်မာ-တရုတ်ရေနံပိုက်လိုင်း စီမံကိန်း၊ ရေနက်ဆိပ်ကမ်းစီမံကိန်း၊ အထူးစီးပွားရေးဇုန် စီမံကိန်း အပါအဝင် တရုတ်စီမံကိန်း များစွာရှိနေပါတယ်။ 

 ကေခိုင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013