DVB Logo
Home
မြန်မာသတင်း
ငလျင်ကြောင့် မအူပင်မြို့တွင် ဘုရား၊ ဓမ္မာရုံ၊ လူနေအိမ်တချို့ ပျက်စီး၊ ရန်ကုန်မြို့ခံများစိုးရိမ် 
DVB
·
March 5, 2025
ငလျင်ကြောင့် မအူပင်မြို့တွင် ဘုရား၊ ဓမ္မာရုံ၊ လူနေအိမ်တချို့ ပျက်စီး၊ ရန်ကုန်မြို့ခံများစိုးရိမ် 
1 / 3
Donate to DVB

ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ မတ် ၅ ရက် မနက် ၄ နာရီကျော်လောက်က မြေငလျင်လှုပ်ခတ်ခဲ့တာကြောင့် စိမ်းမြကန်သာဘုရား စွန်းလွန်းဓမ္မာရုံနဲ့ လူနေအိမ်တချို့ပါ ထိခိုက်ပျက်စီးခဲတယ်လို့ မအူပင်မြို့ခံ တွေဆီက သိရပါတယ်။

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့အနီးကို ဗဟိုပြုပြီး အင်အားရစ်ချ်တာစကေး ၅ ဒသမ ၁ အဆင့်ရှိ အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်တခု မတ် ၅ ရက် ဒီနေ့ မနက်အစောပိုင်း ၄ နာရီခွဲလောက်က    လှုပ်ခတ်သွားတယ်လို့ မိုးဇလ ဌာနက သတင်းထုတ်ထားပါတယ်။

ငလျင်ဒဏ်ကို ဧရာဝတီတိုင်းထဲက မြို့နယ်တချို့မှာ သိရှိခံစားခဲ့ရပြီး မအူပင်မြို့က ငလျင်ဗဟိုချက် ညောင်တုန်းနဲ့  နီးတာကြောင့် တခြားမြို့တွေထက်ပိုပြီး ငလျင်လှုပ်ခတ်တာ ပြင်းထန်တယ်လို့ ဆိုပါတယ်။

မအူပင်မြို့ခံတယောက်က  “မြေငလျင်က ၃ ကြိမ်တိတိလှုပ်ခတ်ခဲ့ပြီး ငလျင်လှုပ်ခတ်မှုပြင်းတာကြောင့် အမှတ် ၁ ရပ်ကွက်မှာရှိတဲ့ စိမ်းမြကန်သာဘုရား အတွင်းပိုင်းက မှန်တံခါးတွေကွဲခဲ့သလို စေတီပုထိုးတွေမှာပါ အက်ကွဲကြောင်းတွေဖြစ်ခဲ့ပြီး အမှတ် ၂ ရပ်ကွက်မှာရှိတဲ့ စိန်ဟင်္သာ ဘုန်းကြီးကျောင်းအုတ်နံရံတွေ ပြိုကျပျက်စီးသွားတယ်”လို့ DVBကို ပြောပါတယ်။

မအူပင်မြို့မှာ ဒီမနက်ငလျင်ကြောင့် ဘုန်းကြီးကျောင်း၊ စာတိုက်၊ ဘောလုံးကွင်းတံတိုင်းနဲ့ စေတီတဆူတို့မှာ ထိခိုက်မှုတွေ ရှိထားပေမဲ့ လူထိခိုက်မှု ရှိတာ မတွေ့ရသေးပါဘူး။

ဒီငလျင်ဟာ နောက်ဆက်တွဲအနေနဲ့ ညောင်တုန်းမြို့ပတ်လည်ကို ဗဟိုပြုပြီး မနက် ၄ နာရီ ၅၄ မိနစ်မှာ တကြိမ်၊ မနက် ၅နာရီ မိနစ် ၂၀ မှာ တကြိမ်၊ ၅နာရီ ၂၃ မိနစ်မှာ တကြိမ် စုစုပေါင်း ၃ ကြိမ် ထပ်လှုပ်သွားပါတယ်။

ကျုံပျော်၊ ညောင်တုန်း၊ ပန်းတနော်နဲ့ မအူပင်မြို့မှာ တချိန်ထဲလှုပ်ခတ်ခဲ့တာဖြစ်ပြီး ရန်ကုန်မှာလည်း ငလျင်ဒဏ်ကို သိရှိခံစားခဲ့ရပါတယ်။

၂၀၂၃ ခုနှစ် မေလကလည်း မအူပင်မြို့မှာ ငလျင်လှုပ်ခတ်ခဲ့တာကြောင့် သမိုင်းဝင်ရွှေဘုန်းမြင့် စေတီတော်ရဲ့ ဘုရားစိန်ဖူးတော်မြေခခဲ့ရပြီး သီလရှင်တပါးပါ အုတ်နံရံပြိုကျခဲ့တာကြောင့် သေဆုံးခဲ့ရ ပါတယ်။

မတ် ၃ ရက်နဲ့ မတ် ၅ ရက် မနက်အစောပိုင်းက ငလျင်လှုပ်ခတ်မှုတွေကို ရန်ကုန်မြို့က ပြည်သူတွေလည်း သိရှိခံစားခဲ့ရပြီး စိုးရိမ်မှုတွေ မြင့်တက်နေပေမဲ့ စစ်ကောင်စီနဲ့ ရကယ်ဆယ်ရေးအဖွဲ့တွေ ပြင်ဆင်ထားတာ မတွေ့ရှိဘူးလို့ မြို့ခံတွေက ပြောပါတယ်။

ကြည့်မြင်တိုင်မြို့ခံတယောက်က  “ ဒီမနက်လှုပ်တာက ပိုများတယ်။ ပိုလည်းပြင်းတယ်။ မီးဆိုင်းတွေဆို ရမ်းခါနေတာ။ ဘုရားသောက်တော်ရေခွက်တောင် ရေလျှံတယ်။ သိသာတာက ၄နာရီ ၃၇ နဲ့ ၄ နာရီ ၅၄ မှာ။ ကျန်တာက လှုပ်ရုံလေးပဲ။ တရက်ပဲ ခြားသေးတယ်။ ထပ်လှုပ်တော့ စိုးရိမ်တာပေါ့။ ခဏခဏ လှုပ်လာလို့ တိုက်တွေ ပြို၊ အိမ်တွေ ပြိုကျမှာ စိုးရိမ်တာ။ ရပ်ကွက်ကလည်း ဘာမှ မကြေညာဘူး။ မီးသတ်လည်း ဘာမှ အသိပေးတာ မရှိဘူး။ ငလျင်အသိပညာပေးပွဲက ၂၀၂၃ တုန်းက နောက်ဆုံးပဲ”လို့ ပြောပါတယ်။

စစ်ကောင်စီလက်အောက်မှာ ရှာဖွေကယ်ဆယ်ရေး၊ အရေးပေါ် လူနာပြုစုခြင်းတွေနဲ့ နေရာချထားရေး ကူညီထောက်ပံ့မှုတွေကို ပြည်ထဲရေးလက်အောက်ခံ မီးသတ်ဌာန၊ ကျန်းမာရေး လက်အောက်ခံ ကြက်ခြေနီနဲ့ လူမှုဝန်ထမ်းကူညီရေးဌာနတွေက လုပ်ဆောင်ရမှာ ဖြစ်ပေမဲ့ မိုခါမုန်တိုင်းဘေး၊ ၂၀၂၄ ရေဘေးတွေမှာ ထိထိရောက်ရောက် ကူညီနိုင်စွမ်း မရှိတာ တွေ့ရပါတယ်။

ရန်ကုန်မြို့မှာ အရပ်သားတွေထဲကနေ ပရဟိတအဖြစ် လူမှုကူညီရေးလုပ်ဆောင်နေတဲ့ အသင်းတွေ ရာနဲ့ချီရှိနေပြီး ငလျင်ဘေးအတွက် သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးရေးလုပ်ငန်းကို ခွင့်ပြုချက်နဲ့အညီ လုပ်ဆောင်ဖို့တွေ ရှိနေတယ်လို့ ဆိုပါတယ်။

ကယ်ဆယ်ရေးအသင်းတာဝန်ရှိသူတယောက်က “ ကျနော်တို့ လုပ်ရမှာ ၂ ပိုင်းပဲ ရှိတယ်။ အသိပညာပေးတာနဲ့ ကယ်ဆယ်ကူညီဖို့ပါပဲ။ သက်ဆိုင်ရာအဖွဲ့တွေနဲ့ တင်ပြလုပ်ဆောင်ဖို့ စီစဉ်နေပါတယ်”လို့ ဆိုပါတယ်။

ရန်ကုန်မြို့က ကယ်ဆယ်ရေးအသင်း ၃ သင်းရဲ့ မှတ်တမ်းအရ ဒီမနက်ပိုင်း ငလျင်ကြောင့် ပျက်စီးဆုံးရှုံး၊ ထိခိုက်ဒဏ်ရာရရှိတာတွေကို ကူညီဖို့ ဖုန်းဆက်တာမျိုး မရှိသေးဘူးလို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013