DVB Logo
Home
မြန်မာသတင်း
ကန့်ဘလူမြို့နယ် တိုက်ပွဲ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးဒဏ်ရာရ 
DVB
·
March 5, 2025
ကန့်ဘလူမြို့နယ် တိုက်ပွဲ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးဒဏ်ရာရ 
Donate to DVB

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ရွှေဘို-မြစ်ကြီးနား ကားလမ်းပေါ်မှာ စစ်ကောင်စီ လက်အောက်ခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေကြား ရက်ရှည်တိုက်ပွဲ ဖြစ်ပွားနေပြီး တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က ၄၀ ကျော်သေဆုံးကာ အများအပြား ဒဏ်ရာရရှိထားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

ကန့်ဘလူခရိုင် တပ်ရင်း ၄ ရဲ့ တာဝန်ခံ ကိုဂျိုးဇက်က “ကန့်ဘလူမြို့နယ်ထဲမှာရှိတဲ့ ဇီးကုန်းသကြားစက် စစ်တပ်အထိုင်စခန်းကရယ်၊ ဦးဝါသဝရဲ့ ပြည်သူ့စစ်တွေရယ်ဆိုတော့ အင်အားက များတယ်။ ၃၀၀ ဝန်းကျင်ရှိတယ်။ အဲဒီစစ်ကြောင်းနဲ့ တောက်လျှောက် တိုက်ပွဲဖြစ်နေတာ ၁၅ ရက်လောက်ရှိပြီ။ သူတို့ဘက်က ၄၀ ကျော်သေပြီးတော့ အများအပြား ဒဏ်ရာရထားတယ်ဆိုတာ သတင်းရထားတာရှိတယ်။ အရင်နေ့က ပျူစောထီးတွေ ပါလာတဲ့ ကားတန်းကို ဖြတ်တိုက်ပြီး အဲဒီထဲက FAW ကားတစီးကို မီးရှို့ဖျက်ဆီးနိုင်ခဲ့သေးတယ်။ တိုက်ပွဲတွေထဲမှာ ကျနော်တို့ ဒီဘက်ကတော့ ကြီးကြီးမားမား ဒဏ်ရာရတဲ့ရဲဘော် မရှိပါဘူး။ အဲဒီစစ်ကြောင်းရှိနေသေးတော့ တိုက်ပွဲတွေလည်း ဆက်ဖြစ်မယ့် အနေအထားကတော့ ရှိနေသေးတယ်” လို့ ပြောပါတယ်။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု များပြားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပေမဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှုအပေါ် DVB အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဖေဖော်ဝါရီ ၁၉ ရက်ကနေ မတ် ၄ ရက်အထိ နေ့စဉ် တိုက်ပွဲတွေပွားခဲ့ကာ အထိနာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းက တပ်ဖွဲ့ဝင်တချို့ဟာလည်း ရွှေဘို-မြစ်ကြီးနား လမ်းပိုင်းပေါ်က ပေကြီးကျေးရွာနဲ့ ငှက်ပျောတိုင်းကျေးရွာတွေကို ဖေဖော်ဝါရီ ၁၉ ရက်ကတည်းက ဝင်ရောက်တပ်စွဲနေကြကာ ဒေသခံပြည်သူတွေကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးထားသလို ကလေးငယ်တယောက်နဲ့ ပြည်သူတချို့ကိုလည်း ဖမ်းဆီးသတ်ဖြတ်ခဲ့​ကြတယ်လို့ ဆိုပါတယ်။

ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်) ရဲ့ တာဝန်ရှိသူတယောက်က “သင်္ကန်းဝတ် ဝါသဝ ခေါင်းဆောင်တဲ့ ပြည်သူ့စစ်တွေ အပါအဝင် စစ်သားအင်အား ၁၀၀ လောက်နဲ့ ရွှေဘို-မြစ်ကြီးနား လမ်းပိုင်းပေါ်က ပေကြီးရွာနဲ့ ငှက်ပျောတိုင်းရွာတွေကို ဝင်ပြီး တပ်စွဲနေကြတယ်။ ပြည်သူတွေကိုလည်း လူသားဒိုင်းလုပ်ပြီး ပေကြီးရွာ စာသင်ကျောင်းထဲမှာ ဖမ်းထားတယ်။ အဖမ်းခံရသူက အယောက် ၃၀ နီးပါးရှိတယ်။ အဲဒီထဲမှာက သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေ ပါနေတယ်။ အသက် ၁၂ နှစ်အရွယ် ကလေးငယ် တယောက်နဲ့ ပြည်သူ ၂ ယောက်ကို အကြောင်းမဲ့သတ်ဖြတ်ပစ်တယ်ဆိုတာ သိရတယ်ဗျ” လို့ DVB ကို ပြောပါတယ်။

အဆိုပါ စစ်ကောင်စီလက်အောက်ခံတွေဟာ တပ်စွဲပြီး ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်ကာ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေကြတဲ့အပြင် အနီးအနားကျေးရွာတွေကို ဒရုန်းတွေနဲ့ပါ ဗုံးကြဲတိုက်ခိုက်နေတဲ့အတွက် ပေကြီးနဲ့ ငှက်ပျောတိုင်းကျေးရွာတွေ အပါအဝင် အနီးအနား ကျေးရွာတွေဖြစ်ကြတဲ့ ခအုန်းသာ၊ ထနောင်းသုံးပင်၊ ရေရှင်ကြီး၊ စံပ္ပါယ်နံသာ၊ ရွာဟောင်း၊ ကျေးပင်အက်၊ ‌မြေနီအက်၊ ရေအေး စတဲ့ကျေးရွာတွေက ဒေသခံပြည်သူ သောင်းနဲ့ချီပြီး စစ်ဘေးရှောင်နေကြရကာ စစ်ဘေးရှောင်နေကြရသူတွေဟာလည်း လဝက်နီးပါး ကြာမြင့်နေပြီ ဖြစ်တဲ့အတွက် စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ တခြား အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့လည်း သူက ဆက်ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့စစ်တွေဟာ ၂၀၂၄ ခုနှစ်၊ မတ်လထဲကလည်း ပေကြီးကျေးရွာက အသက် ၃၅ နှစ်အရွယ် ကိုခင်မောင်ဦးကို ရက်ရက်စက်စက် ခေါင်းဖြတ် သတ်ဖြတ်ခဲ့ကာ လူနေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့​ကြပါတယ်။

ပေကြီးကျေးရွာဟာ စစ်တပ်က အာဏာသိမ်းပြီး ၄ နှစ်ကျော်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ၅ ကြိမ်ထက်မနည်း မီးရှို့ဖျက်ဆီးတာ ခံခဲ့ရတဲ့အတွက်လည်း လူနေအိမ်အားလုံးနီးပါး မီးလောင် ပျက်စီးခဲ့ရတယ်လို့ ကန့်ဘလူအခြေစိုက် တက်ကြွလှုပ်ရှားသူတွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013