
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ အရင်စစ်တပ်နေရာဟောင်းတွေဖြစ်တဲ့ အမှတ် ၅၄၀ တပ်ရင်းနဲ့ ရဲတပ်ရင်း ၃၁ တို့ကို စစ်အာဏာရှင်တပ်က တိုက်လေယာဉ် ၈ စင်းနဲ့ ဗုံးလာကြဲလို့ ရေဘေးရှောင်ပြည်သူ ၄ ယောက် ဒဏ်ရာရရှိသွားတယ်လို့ အာရက္ခတပ်တော် (AA) က ထုတ်ပြန်ပါတယ်။
သြဂုတ် ၄ ရက် ည ၉ နာရီက စတင်ကာ ည ၁၀ နာရီကျော်ထိ တနာရီကျော်ကြာ တပ်ရင်းဟောင်းနေရာ ၂ ခုကို တပြိုင်တည်း လေကြောင်းတိုက်ခိုက်ခဲ့တာပါ။
ဂျက်တိုက်လေယာဉ် ၆ စင်း၊ Y12 ၂ စင်းနဲ့ ဗုံးအလုံး ၃၀ ကျော် ကြဲချခဲ့တဲ့အတွက် ရေဘေးသင့်ပြည်သူ ၄ ယောက် ထိခိုက်ဒဏ်ရာရရှိသွားပြီး အနီးနားရှိ နွား ၃ ကောင် သေဆုံးကာ ၅ ကောင် ဒဏ်ရာရရှိသွားတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
မြောက်ဦးမြို့ခံတယောက်က “စစ်တပ် လေယာဉ် ၆ စီးလောက် ဝဲပြီးတက်လာတာ။ ဂျက်ဖိုက်တာနဲ့ ကလပ်စတာဗုံး၊ ရော့ကက်ဒုံးနဲ့ပါ အလုံး ၁၀ ကျော်ပစ်တယ်။ Y -12 နဲ့က ဗုံးအလုံး ၂၀ ကျော်။ မြောက်ဦး အဝင်ဝက ၅၄၀ တပ်ရင်းကိုကျတယ်။ နောက်ပြီး သမိုင်းဝင်မြို့တံတိုင်းကိုလည်း ကျတယ်။ လူတွေ အထိအခိုက်ရှိတယ် ကြားတယ်” လို့ ပြောပါတယ်။
စစ်တပ်က ပေါင် ၅၀၀ ဗုံးအပါအဝင် ဗုံးတွေနဲ့ ၅၄၀ တပ်ရင်းနဲ့ ပတ်ဝန်းကျင်ကို ကြဲချလို့ မြို့တံတိုင်းကို ကျရောက်ကာ တံတိုင်းကျိုးပျက်သွားပါတယ်။
မြောက်ဦးမြို့ခံတယောက်က “တမြို့လုံး ဆူသွားတယ်၊ ဘယ်ဘက်က ကြားလိုက်၊ ညာဘက်က ကြားလိုက်နဲ့ အိမ်တွေတောင် တုန်ခါနေတယ်။ တကယ့်ကို ဒေသခံပြည်သူတွေကို တမင်တကာ ဒုက္ခပေးနေတာပါ”လို့ ပြောပါတယ်။
သြဂုတ် ၅ နေ့လယ် ၂ နာရီကျော်ကလည်း သံတွဲ၊ ဂွမြို့နယ်မှာ ဂျက်လေယာဉ်တစင်း၊ Y12 တစင်း ဝဲနေခဲ့တဲ့အတွက် ဒေသခံပြည်သူတွေဟာ ကြောက်လန့်ပြီး ဗုံးခိုကျင်းတွေထဲ ဝင်ရောက်ပုန်းနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မြောက်ဦးမြို့ခံ အမျိုးသမီးတယောက်က “လေယာဉ်သံကြားရင် လူမပြောနဲ့၊ ခွေးတွေတောင် ဗုံးခိုကျင်းထဲ ဝင်ပြေးတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ လေယာဉ်အကုန်လာပြီး ချနေတာ လေယာဉ်သံ ဗုံးသံ ဆူညံနေတယ်”လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်ရှိ အာရက္ခတပ်တော်(AA) သိမ်းထားတဲ့မြို့တွေကို လေတပ်ကနေ တရက်မနား ပစ်ခတ် တိုက်ခိုက်နေတာဟာ အရှုံးကို ရင်မဆိုင်နိုင်ဘဲ သူရဲဘောကြောင်တဲ့လုပ်ရပ် ဖြစ်တယ်လို့ ရခိုင်စစ်ရေး လေ့လာနေသူ အမျိုးသားတယောက်က ပြောပါတယ်။
“သူတို့က ရခိုင်ပြည် ဖွံ့ဖြိုးတိုးတက်တာ မလိုလားဘူး။ ပြည်သူတွေ ပျော်တာကို မကြိုက်ဘူး။ ဒါကြောင့် ဗုံးကြဲတယ်။ လူစိတ်မှ မရှိတာ။ သူရဲဘောကြောင်တဲ့ လုပ်ရပ်ပဲ။”
ဩဂုတ် ၃ ရက် မနက်ကလည်း သံတွဲမြို့နယ်၊ ငပလီမြို့၊ ဂျိတ္တော (၉) ရပ်ကွက်ကို စစ်အာဏာရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၂ ယောက် ဒဏ်ရာရသွားပါတယ်။
ဒါ့အပြင် နေအိမ်၊ အဆောက်အအုံ၊ ဘန်ဂလိုတွေ၊ လူအသုံးအဆောင်ပစ္စည်းတွေ ပျက်စီးခဲ့ပြီး ကာလတန်ဖိုးငွေ ကျပ်သိန်း ၃,၀၀၀ ကျော်ဖို့ ဆုံးရှုံးခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။










