
မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့မှာ မတ် ၄ ရက် ဒီနေ့မနက် ၇ နာရီက စစ်ကောင်စီလက်အောက်ခံ ရဲစခန်းမှူးတယောက် သေနတ်နဲ့ပစ်သတ်ခံရပြီး ပစ်ခတ်သူတွေဟာ စခန်းမှူးကိုင်ဆောင်ထားတဲ့ သေနတ်နဲ့ ကျည်တွေကို ယူဆောင်သွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဆင်ဖြူကျွန်းမြို့၊ အမှတ် ၁ ရပ်ကွက်၊ ချမ်းမြေ့အောင် လက်ဖက်ရည်ဆိုင်မှာ ဒီကနေ့မနက် ၇ နာရီက မိသားစုနဲ့ မနက်စာစားနေတဲ့ ဆင်ဖြူကျွန်းနယ်မြေရဲစခန်းက စခန်းမှူး ရဲအုပ်သန်းလွင် ပစ်ခတ်ခံရတာလို့ မြို့ခံတယောက်က DVB ကို ပြောပါတယ်။
“စခန်းမှူးက ပြောင်းလာတာ မကြာသေးဘူး။ သူ့မိသားစုနဲ့ လက်ဖက်ရည်ဆိုင်ထိုင်ပြီး မနက်စာစားနေတဲ့အချိန် ဝင်ပစ်တာ၊ နားထင်ကို တချက်တည်းပစ်သွားတာ၊ ပွဲချင်းပြီးပဲ။ စခန်းမှူးကိုင်တဲ့ သေနတ်လည်း ယူသွားတယ်။”
ရဲအုပ်သန်းလွင်ကို ပစ်ခတ်ပြီးနောက် သူကိုင်ဆောင်ထားတဲ့ ခြောက်လုံးပြူးသေနတ်၊ ကျည်တချို့နဲ့ လက်ကိုင်ဖုန်းကို ယူသွားပြီး စလင်းမြို့နယ်က ရဲတွေကိုပါ သတိပေးနေတယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။
“သေနတ်ရော ဖုန်းရော ပါသွားတာဆိုတော့ မြို့နယ်မှူးက စခန်းမှူးနဲ့ အဆက်အသွယ်ရှိတဲ့ သူတွေရော သတင်းပေးတွေကိုရော ပါသွားတဲ့ဖုန်းကို အဆက်အသွယ်မလုပ်ဖို့ သတိပေးနေတယ်။ ပစ်သွားတဲ့သူကိုတော့ မမိသေးဘူး။”
လတ်တလောမှာ ပစ်ခတ်သွားသူကို ဆင်ဖြူကျွန်းမြို့အတွင်း စစ်ကောင်စီတပ်နဲ့ ရဲတွေ ပိတ်ဆို့ရှာဖွေနေပေမဲ့ ဖမ်းဆီးရမိခြင်း မရှိဘူးလို့ မြို့ခံတွေပြောပြချက်အရ သိရပါတယ်။










