DVB Logo
Home
မြန်မာသတင်း
ဖမ်းဝရမ်းကို အင်တာပိုလ် အာရုံစိုက်လာရန် အသေးစိတ်အချက်များ ပေးသင့်ဟု အကြံပြု
DVB
·
March 4, 2025
ဖမ်းဝရမ်းကို အင်တာပိုလ် အာရုံစိုက်လာရန် အသေးစိတ်အချက်များ ပေးသင့်ဟု အကြံပြု
Donate to DVB

အာဂျင်တီးနားတရားရုံးရဲ့ စစ်ခေါင်းဆောင်အပေါ် ဖမ်းဝရမ်းကို နိုင်ငံတကာရဲတပ်ဖွဲ့ အင်တာပိုလ်က အာရုံစိုက်လာဖို့အတွက် အချက်အလက်အသေးစိတ်ကို နိုင်ငံတကာနဲ့ ရဲတပ်ဖွဲ့တွေဆီ အသိပေးအကြောင်းကြား သင့်တယ်လို့ လူ့အခွင့်အရေးရှေ့နေ သောမတ်စ် အိုဟေး ကင်တားနားက  ပြောပါတယ်။

အာဂျင်တီးနားတရားရုံးရဲ့ ဖမ်းဝရမ်းထုတ်ပြီး နောက်ဆက်တွဲအနေနဲ့ တာဝန်ရှိသူတွေကို အမြန်ဆုံး ဖမ်းဆီးအရေးယူနိုင်ဖို့နဲ့ နိုင်ငံတကာရဲတပ်ဖွဲ့ အင်တာပိုလ်ရဲ့ အာရုံစိုက်မှု ရရှိဖို့အတွက် နိုင်ငံတကာကိုဖမ်းဝရမ်းပါ လူ ၂၅ ယောက်ရဲ့ အသေးစိတ်အချက်အလက်တွေ ဖြန့်ဝေအသိပေးထားဖို့ လိုတယ်လို့ လူ့အခွင့်အရေးရှေ့နေ ကင်တားနားက DVB နဲ့ သီးသန့် အင်တာဗျူးမှာ ပြောကြားခဲ့တာပါ။

မစ္စတာကင်တားနားက “ကျနော်အထူးပြောချင်တာကတော့ တရား မျှတမှုဆီသွားတဲ့လမ်းဟာ အမြဲတမ်းရှုပ်ထွေးပြီး အတားအဆီးတွေ လည်းများတတ်ပါတယ်။ ဒါပေမဲ့ ရိုဟင်ဂျာတွေက ခိုင်မာတဲ့ဆုံးဖြတ်ချက်နဲ့ ဆောင်ရွက်နေတာဖြစ်ပြီး ဖမ်းဝရမ်းတွေလည်းထုတ်နိုင်ခဲ့ပါပြီ။ အခုနောက်တဆင့်ကတော့ တရားရုံးအနေနဲ့ ဒီလူ ၂၅ ယောက် ဘယ်သူ ဘယ်ဝါဆိုတာကို စိစစ်ဖို့ပါပဲ။ ဒါမှလည်း အင်တာပိုလ်ဆီဝရမ်းတွေ ပေးနိုင်မှာဖြစ်ပါတယ်။ အင်တာပိုလ်က အနီရောင် သတိပေးချက်ထုတ်ပြန်နိုင်ဖို့ ဒီလူတွေရဲ့ရုပ်ပုံအပါအဝင် အသေးစိတ် အချက်အလက် တွေကို လိုအပ်ပါတယ်။ အဲ့ဒီတော့ BROUK (မြန်မာရိုဟင်ဂျာအသင်း-ယူကေ)နဲ့ ရိုဟင်ဂျာတွေအနေနဲ့ ဒီအမှုအကြောင်း အင်တာပိုလ် အာရုံစိုက်လာအောင် များများပြောပေးဖို့လိုပါလိမ့်မယ်။ ဒါမှသာနိုင်ငံတကာရဲ တပ်ဖွဲ့တွေဆီ အသိပေးချက်တွေ ထုတ်ပြန်နိုင်မှာပါ”လို့ ပြောပါတယ်။

၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ဆက်စပ်ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်၊  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်း  ဦးထင်ကျော်တို့အပါ ၂၅ ယောက်ကို အာဂျင်တီးနားတရားရုံးက ဖေဖော်ဝါရီ ၁၃ ရက်က ဖမ်းဝရမ်းထုတ်ထားတာဖြစ်ပါတယ်၊

လက်ရှိ ရုရှားကို သွားရောက်နေတဲ့ စစ်ခေါင်းဆောင် အပြင် တခြားသော အာဆီယံနိုင်ငံတွေဆီ သွားရောက်နေတဲ့ စစ်ကောင်စီခေါင်းဆောင်ပိုင်းတွေကိုလည်း အင်တာပိုလ် အနေနဲ့ အရေးယူနိုင်ဖို့  ရိုဟင်ဂျာ လွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့ ပူးတွဲတည်ထောင်သူ ရိုနေဆန်းလွင်က တာဝန်ရှိသူတွေကို တိုက်တွန်းပါတယ်။

ရိုနေဆန်းလွင်က “အခု စစ်ခေါင်းဆောင်က ရုရှားကိုသွားတာရှိတယ်။ ရုရှားကတော့ သမ္မတကိုယ်တိုင် ICC က ဖမ်းဝရမ်းထုတ်ခံထားရတဲ့ နိုင်ငံဖြစ်တဲ့ အတွက်ကြောင့် အင်တာပိုလ်က အကြောင်းကြားရင်လည်း ဘာမှလုပ်ပေးမယ့် အနေအထား မရှိပေမဲ့ အိမ်နီးချင်းနိုင်ငံတွေ နောက်အာဆီယံနိုင်ငံတွေကနေ တခြားသော စစ်ခေါင်းဆောင်တွေက သွားလာနေ တာရှိတယ်။ သူတို့ကို ဘယ်လိုအရေးယူဆောင်ရွက်မလဲဆို သိဖို့လိုတယ်။ အဲတာကြောင့် အင်တာပိုလ်ကို အကြောင်းကြားဖို့ လိုတယ်ဆိုတာကတော့ ဒါအကုန်လုံး သဘောတူကြတယ်။ လိုလည်း လိုအပ်တယ် ဒါမှ ဖမ်းဝရမ်းအသက်ဝင်လာမှာ ဖြစ်တယ်၊။ အဲတာကြောင့် အကြောင်းကြားဖို့ ကျနော်တို့ လုပ်ဆောင်နေသူတွေ အားလုံးကို တိုက်တွန်းပါတယ်”လို့ ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီက မတရားဖမ်းဆီးထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်  ဒေါ်အောင်ဆန်းကြည်ကို တရားရုံးမှာ ခုခံပိုင်ခွင့်အတွက် ပြန်လွှတ်ပေးသင့်ကြောင်းလည်း မစ္စတာ ကင်တားနားက ဆက်ပြောပါတယ်။

“မြန်မာနိုင်ငံရဲ့ စစ်ကောင်စီ အနေနဲ့လည်း ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့လိုပါတယ်။ ဒါမှသာသူ့အနေနဲ့ ဒီအမှုကိုခုခံ ချေပနိုင်ပါလိမ့်မယ်။ အာဂျင်တီးနား တရားရုံးဟာ လွတ်လပ်ပြီး ဘက်မလိုက်တဲ့တရားရုံးပါ။ ကျူးလွန်တဲ့ သူတွေရော စွပ်စွဲခံရတဲ့သူတွေရော ခုခံချေပခွင့် ရှိပါတယ်။ ရှေ့နေငှားခွင့် စွပ်စွဲချက်တွေကို ကြည့်ရှုခွင့်ရှိပါတယ်။ စစ်ကောင်စီ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးသင့်တာ ဒီအမှုတခုတည်းကြောင့် မဟုတ်ပါဘူး။ သူဟာမတရား ဖမ်းဆီးချုပ်နှောင်ခံထားရလို့ လွှတ်ပေးသင့် တာဖြစ်ပါတယ်။”

ဖမ်းဝရမ်းအမိန့်ထဲမှာ စစ်ခေါင်းဆောင်တွေအပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော်တို့ပါ ပါဝင်ခဲ့တဲ့အပေါ် ပြန်လည်သုံးသပ်ပေးဖို့နဲ့ သူတို့အတွက် တရားမျှတမှု ရှာဖွေဖော်ထုတ်ရေးကော်မတီ (Justice Seeking Committee for Daw Aung San Suu Kyi and U Htin Kyaw) ကို ဖွဲ့စည်း ဆောင်ရွက်သွားမယ်လို့ အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ် NLD က ဖေဖော်ဝါရီ ၂၇ ရက်က ထုတ်ပြန်ထားပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013