DVB Logo
Home
မြန်မာသတင်း
စစ်ခေါင်းဆောင်၏ ထိုင်းခရီးစဉ်အတွင်း ဖမ်းခံရသူမြန်မာနှစ်ဦး  လူ့အခွင့်အရေးရှေ့နေများနှင့် တွေ့ဆုံမည်
DVB
·
January 24, 2026
စစ်ခေါင်းဆောင်၏ ထိုင်းခရီးစဉ်အတွင်း ဖမ်းခံရသူမြန်မာနှစ်ဦး  လူ့အခွင့်အရေးရှေ့နေများနှင့် တွေ့ဆုံမည်
Donate to DVB

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ထိုင်းနိုင်ငံခရီးစဉ်အတွင်း ဆန္ဒပြဖို့စီစဉ်လို့ ဖမ်းခံထားရတဲ့မြန်မာနိုင်ငံသားနှစ်ယောက် အာမခံပယ်ချခံရတာနဲ့ပတ်သက်လို့ ဝင်ရောက်ကူညီ ဖြေရှင်းပေးဖို့ နိုင်ငံတကာ လူ့အခွင့်အရေးရှေ့နေတွေနဲ့ တွေ့ဆုံတောင်းဆိုမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်ဦ ဧပြီ ၃ ရက်က မြန်မာစစ်ခေါင်းဆောင်ရဲ့ ထိုင်းနိုင်ငံ၊ ဘန်ကောက် BIMSTEC အစည်းအဝေး ခရီးစဉ်အတွင်း ဆန္ဒပြဖို့စီစဉ်ခဲ့တဲ့ ကိုဖြိုးပိုင်နဲ့ ကိုနိုင်နိုင်စိုးတို့ ဖမ်းဆီးခံရတာ ၉ လကျော် ၁၀ လ နီးပါး ရှိသွားပါပြီ။

ပြီးခဲ့တဲ့လတွေအတွင်း သူတို့နှစ်ယောက် အာမခံလျှောက်ထားခဲ့ပေမယ့် နှစ်နိုင်ငံချစ်ကြည်ရေး ပျက်ပြားစေမှု ဆိုတဲ့ အကြောင်းပြချက်နဲ့ အောက်တိုဘာလအတွင်း အာမခံ ပယ်ချခံခဲ့ရပါတယ်။

လာမယ့် အင်္ဂါနေ့ ဇန်နဝါရီ ၂၇ ရက်မှာတော့ သူတို့ဟာ နိုင်ငံတကာ လူ့အခွင့်အရေးရှေ့နေတွေနဲ့ တွေ့ဆုံဖို့ရှိပြီး၊ အာမခံပယ်ချခံရတဲ့ ကိစ္စကို ဝင်ရောက်ကူညီ ဖြေရှင်းပေးဖို့ တောင်းဆိုသွားမယ်လို့ ဆိုပါတယ်။

တက်ကြွလှုပ်ရှားသူ ကိုဖြိုးပိုင်က “ကျနော်တို့ကို UNHCR နဲ့ ထိုင်းလူအခွင့်အရေးကော်မရှင် ကိုယ်တိုင်က မြန်မာပြည်ပြန်လို့ မရဘူး။ ပြန်ရင် အသက်အန္တရာယ်ရှိဆိုတဲ့ အကြောင်းအရာတွေ ထိုင်းအာဏာပိုင်ဆီပို့ပြီးသား ဖြစ်ပါလျက်နဲ့ ကျနော်တို့ အာမခံရဖို့လျှောက်ထားတာကို နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးစေရေး ပျက်ပြားစေတယ် အကြောင်းပြချက်နဲ့ တဖတ်သက်ပယ်ချနေတာ ဖြစ်တဲ့အတွက် နိုင်ငံတကာလူအခွင့်အရေး ကိုယ်စားလှယ်တွေထံ ကျနော်တို့ကို မတရားဖမ်းဆီးထားပြီး အာမခံ မပေးတဲ့ကိစ္စတွေ ဝင်ရောက်ဖြေရှင်းပေးဖို့ တောင်းဆိုသွားမှာပါ”လို့ DVB ကို ပြောပါတယ်။

အာမခံလျှောက်တဲ့အခါ ထိုင်းအာဏာပိုင်တွေက သူတို့နှစ်ယောက်ကို ဘာကြောင့် မြန်မာပြည် ပြန်မရတာလဲဆိုတဲ့ မေးခွန်းကို အဓိကထားမေးကာ၊ မြန်မာပြည် ပြန်လို့မရတဲ့ သက်သေ အထောက်အထားတွေကိုလည်း တင်ပြတာ လက်မခံဘူးလို့ ဆိုပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးဆီကို လိပ်မူထားတဲ့ အိတ်ဖွင့်ပေးစာကို ဘန်ကောက်မှာရှိတဲ့ UN ရုံးကတဆင့် OHCHR အရှေ့တောင်အာရှ ဒေသဆိုင်ရာရုံးက တာဝန်ရှိသူတွေဆီပေးပို့ထားပြီး၊ လက်ရှိအချိန်ထိ အကြောင်းပြန်လာတာ မရှိသေးဘူးလို့ သိရပါတယ်။

ကိုဖြိုးပိုင်နဲ့ ကိုနိုင်နိုင်စိုးတို့ကို ထိုင်းအာဏာပိုင်တွေက နှစ်နိုင်ငံချစ်ကြည်ရေး ပျက်ပြားစေမှု၊ ထိုင်းနိုင်ငံတည်ငြိမ်ရေးကို ထိခိုက်စေမှု၊ လူမှုအသိုက်အဝန်း မငြိမ်မသက်ဖြစ်စေမှု၊ နိုင်ငံသား လုံခြုံရေးကိုအန္တရာယ်ဖြစ်စေမှု စတဲ့ အကြောင်းအရာများအပါအဝင် အမှုစုစုပေါင်း ၇ မှုနဲ့ တရားစွဲဆိုထားပါတယ်။

လက်ရှိမှာ သူတို့နှစ်ယောက်ကို ဘန်ကောက်ခရိုင်၊ ဘန်ခဲ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်း (IDC) မှာ ထိန်းသိမ်းထားပြီး၊ မြန်မာနိုင်ငံသားတွေကို IDC ကတဆင့် မြန်မာ စစ်တပ်လက်ထဲ တိုက်ရိုက်လွှဲပြောင်းနေတယ်ဆိုတဲ့ သတင်းတွေကြောင့် မိသားစုဝင်တွေကလည်း စိုးရိမ် ပူပန်နေကြပါတယ်။

ဇွဲသစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013