DVB Logo
Home
နိုင်ငံတကာ
ကလေး ၂ ဒသမ ၄ သန်း ကယ်နိုင်ခဲ့သည့် ရှားပါးသွေးရည်ကြည် လှူဒါန်းသူ ကွယ်လွန်
DVB
·
March 4, 2025
ကလေး ၂ ဒသမ ၄ သန်း ကယ်နိုင်ခဲ့သည့် ရှားပါးသွေးရည်ကြည် လှူဒါန်းသူ ကွယ်လွန်
Donate to DVB

ကလေး ၂ ဒသမ ၄ သန်းလောက် ကယ်ဆယ်နိုင်ခဲ့တဲ့ ရှားပါးသွေးရည်ကြည် အစဉ်မပြတ် လှူဒါန်းခဲ့တဲ့ ဩစတြေးလျနိုင်ငံသား ဂျိမ်းစ်ဟာရစ်ဆန်ဟာ အသက် ၈၈ နှစ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၇ ရက်ကတည်းက နယူးဆောက်ဝေးစ်က စောင့်ရှောက်ရေးဂေဟာမှာ ကွယ်လွန်သွားတာဖြစ်ပေမဲ့ မတ် ၃ ရက်ကမှ မိသားစုက ထုတ်ပြန်တာဖြစ်ပါတယ်။

ရွှေလက်ပိုင်ရှင်လို့ ထင်ရှားတဲ့ ဒီပုဂ္ဂိုလ်ရဲ့ သွေးမှာ Anti-D လို့ခေါ်တဲ့ ရှားပါးတဲ့ ပဋိပစ္စည်းတမျိုး ပါဝင်နေခဲ့တာ ဖြစ်ပါတယ်။

မမွေးသေးတဲ့ ကလေးတွေကို ထိခိုက်စေတဲ့ သွေးမျိုးရှိနေတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေကို ပေးရတဲ့ ဆေးထုတ်ဖို့အတွက် အဲဒီပဋိပစ္စည်းကို သုံးရတာဖြစ်ပါတယ်။

ဟာရစ်ဆန်ဟာ အသက် ၁၄ နှစ်အရွယ်မှာ အကြီးစားခွဲစိတ်မှုတခု လုပ်တဲ့အချိန်မှာ သွေးသွင်းခဲ့ရတာကြောင့် သူလည်း သူများကို သွေးပြန်လှူဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

အသက် ၁၈ နှစ်အရွယ်မှာ သွေးရည်ကြည်လှူဒါန်းမှု စတင်ခဲ့ပြီး အသက် ၈၁ နှစ်အထိ နှစ်ပတ်တခါ အမြဲသွေးလှူခဲ့တာကြောင့် အကြိမ် ၁,၁၀၀ ကျော် လှူဒါန်းနိုင်ခဲ့ပါတယ်။

၂၀၀၅ မှာ သွေးရည်ကြည်လှူဒါန်းမှု အများဆုံးပုဂ္ဂိုလ်အဖြစ် ကမ္ဘာ့စံချိန်တင်နိုင်ခဲ့ပြီး ၂၀၂၂ မှာမှ အမေရိကန်အမျိုးသားတယောက်က စံချိန်ချိုးခဲ့တာ ဖြစ်ပါတယ်။

သေစေနိုင်တဲ့အထိ ပြင်းထန်တဲ့ သန္ဓေသားနဲ့ မွေးစကလေးငယ် သွေးနီဥဆဲလ် ပျက်စီးတဲ့ရောဂါ HDFN ကနေ Anti-D က ကာကွယ်ပေးပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ရဲ့ သွေးနီဥဆဲလ်တွေဟာ ကြီးထွားနေဆဲ ကလေးငယ်နဲ့ မကိုက်ညီရင် ဒီပြဿနာ ဖြစ်တတ်ပါတယ်။

မိခင်ရဲ့ ကိုယ်ခံအားစနစ်က ကလေးရဲ့ သွေးဆဲလ်တွေကို ခြိမ်းခြောက်မှုလို့ သတ်မှတ်ပြီးတော့ ပဋိပစ္စည်းတွေထုတ်ပြီး တိုက်ခိုက်ပါတယ်။ ဒီလိုကြောင့် ကလေးမှာ ပြင်းပြင်းထန်ထန် ထိခိုက်စေနိုင်ပြီး ပြင်းထန်သွေးအားနည်းရောဂါ၊ နှလုံးချွတ်ယွင်းမှုကနေ သေစေတဲ့အထိ ပြင်းထန်ပါတယ်။

anti-D ပဋိပစ္စည်းကို မတွေ့ခင်အထိ HDFN ရောဂါဖြစ်တဲ့ ကလေး ၂ ယောက်မှာ တယောက် သေဆုံးခဲ့ပါတယ်။

ဟာရစ်ဆန်ရဲ့သွေးမှာ ဘာကြောင့် anti-D ကြွယ်ဝတယ်ဆိုတာ မရှင်းလင်းပေမဲ့ ငယ်ငယ်လေးတုန်းက သွေးတွေ အများကြီးသွင်းခဲ့ရလို့ ဖြစ်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။

ဩစတြေးလျမှာ ဒီလို anti-D လှူနိုင်တဲ့ အလှူရှင် ၂၀၀ တောင်မရှိပေမဲ့ သူတို့အကူအညီကြောင့် နှစ်စဉ် မိခင်နဲ့ ကလေး ၄ သောင်းခွဲလောက် ချမ်းသာရာရကြတယ်လို့ ဩစတြေးလျ ကြက်ခြေနီ သွေးလှူအဖွဲ့  Lifeblood က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013