
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ မတ် ၃ ရက် ညနေပိုင်းမှာ “ပြင်းထန်အသက်ရှူလမ်းကြောင်း ချို့ယွင်းမှု” (acute respiratory failure) နှစ်ကြိမ် ခံစားခဲ့ရတဲ့အတွက် အောက်စီဂျင်မျက်နှာဖုံးနဲ့ အသက်ရှူစက် ပြန်သုံးနေရတယ်လို့ ဗာတီကန်က ထုတ်ပြန်ပါတယ်။
ဆရာဝန်တွေက အဆုတ်ကနေ ချွဲတွေ ပြန်ရှင်းထုတ်ပေးခဲ့ရပေမဲ့ ပုပ်ရဟန်းမင်းကြီးဟာ သတိရှိ၊ အာရုံစိုက်နိုင်ပြီး ပူးပေါင်းဆောင်ရွက်နိုင်တယ်လို့ ဆိုပါတယ်။
သက်တော် ၈၈ နှစ်ရှိပြီဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီးဟာ ဆေးရုံတက်နေရတဲ့ ၁၈ ရက်တာ ကာလအတွင်း ၃ ကြိမ်မြောက် အသည်းအသန်ဖြစ်တာလည်း ဖြစ်ပါတယ်။
ရှေ့တရက်မှာ အောက်စီဂျင်မျက်နှာဖုံးနဲ့ အသက်ရှူစက် အကူအညီ မလိုတော့ဘဲ အောက်စီဂျင်ပိုက်သာ နှာခေါင်းမှာတေ့ပေးဖို့လိုတဲ့ အခြေအနေ ရောက်လာပေမဲ့ အခု ပြန်စိုးရိမ်ရတဲ့ အခြေအနေ ရောက်လာပြန်တာဖြစ်ပါတယ်။
ပုပ်ရဟန်းမင်းကြီးက သူ့အတွက် ဆုတောင်းပေးကြတဲ့ ပြည်သူတွေနဲ့ ကုသပေးတဲ့ဆေးအဖွဲ့ကို ကျေးဇူးတင်ကြောင်း ရှေ့ရက်တွေက ရေးသားထားတဲ့ စာကိုလည်း ထုတ်ပြန်ပေးခဲ့ပါတယ်။
ရာနဲ့ချီတဲ့ ကက်သလစ်သာသနာဝင်တွေဟာ တနင်္လာနေ့က စိန့်ပီတာရင်ပြင်မှာ ၈ ရက်ဆက်အဖြစ် ပုပ်ရဟန်းမင်းကြီး ကျန်းမာရေးအတွက် ဆုတောင်းပေးခဲ့ကြပါတယ်။
Source : Reuters