
မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းကို ဆက်သွယ်ထားတဲ့ ဧရာဝတီမြစ်ကူးတံတား (ရတနာပုံ) တံတားမှာ ဖြတ်သန်းသွားလာနေတဲ့ ကုန်ကားတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကားတစီး ကျပ်သိန်း ၂၀ အထက် ငွေကြေးကောက်ခံနေတယ်လို့ အဝေးပြေးယာဉ်မောင်းတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီအစပိုင်းက စတင်ပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ လုံခြုံရေးရယူထားတဲ့ စစ်ကိုင်းဘက်ခြမ်း တံတားထိပ်မှာ ငွေကြေးများစွာ ကောက်ခံနေတာလို့ ဆိုပါတယ်။
အဝေးပြေးယာဉ်မောင်းတယောက်က “ကျနော့်ကားပေါ်မှာတော့ သူတို့ (စစ်ကောင်စီ) တားမြစ်ထားတဲ့ပစ္စည်း ဘာမှတင်မလာဘူး။ စားသောက်ကုန် ကုန်မာပစ္စည်းတွေပဲ တင်တာ ၂၈ သိန်း ပေးရတယ်။ အဲလိုမှ မပေးနိုင်ရင်လည်း ကားကို ရပ်ခိုင်းထားတာပေါ့။ ကျနော်တို့ ကားသမားတွေကျ အဲလိုပေးပြီးမှ သွားခိုင်းတော့ ပေးနေရတာ” လို့ DVB ကို ပြောပါတယ်။
ကုန်ကားတွေကို စစ်ကိုင်းဘက်ခြမ်း လုံခြုံရေးကင်းက ငွေကြေးများစွာကောက်ခံနေပြီး ကားပေါ်တင်ဆောင်လာတဲ့ ပစ္စည်းအမျိုးအစားကို ကြည့်ပြီး ငွေညှစ်တောင်းခံနေတာလို့ ဆိုပါတယ်။
ကုန်ကားပေါ်မှာ အိမ်ဆောက်ပစ္စည်း ဘိလပ်မြေ နဲ့ သွပ်တွေ တင်ဆောင်လာပါက သိန်း ၄၀ အထက်ပေးရပြီး စားသောက်ကုန်တင်လာပါက သိန်း ၂၀ နဲ့အထက်၊ အသီးအနှံ တင်ဆောင်လာပါက ၁၀ သိန်းအထက် ပေးဆောင်ရတယ်လို့ သိရပါတယ်။
၁၂ ဘီးကားမောင်းသူက “အခုတခေါက်ဆိုရင် ၂၈ သိန်း ပေးရလို့ ခရီးဆက်ထွက်လို့ရအောင် ကားအုံနာဆီ ပိုက်ဆံ ထပ်လှမ်းတောင်းရတယ်။ လမ်းခရီးတောက်လျှောက်လည်း ဂိတ်တွေက ကျန်သေးတော့ မြစ်ကြီးနားအရောက်ဆိုရင် လမ်းကြေး သိန်း ၁၀၀ နီးပါးပါမှ အဆင်ပြေတာ” လို့ ပြောပါတယ်။
စစ်ကောင်စီ အာဏာသိမ်းပြီးချိန်မှစပြီး လုံခြုံရေးအကြောင်းပြ စစ်ဆေးရေးဂိတ်တွေ များပြားလာပြီး အဝေးပြေးယာဉ်တွေကို ငွေကြေးများစွာ ကောက်ခံနေတဲ့အတွက်ကြောင့် ကုန်ဈေးနှုန်းမြင့်တက်နေတာလို့ ယာဉ်မောင်းတွေဆီက သိရပါတယ်။